ရုပ်ဝတ္ထုတွေထဲက အစွဲမက်ဆုံးအရာကစာအုပ်တွေပါ။ စာအုပ်ထဲမှာမှ ရသမြောက်အောင်ရေးနိုင်တဲ့စာတွေကိုအရမ်းကြိုက်ပါတယ်၊ လူတစ်ယောက်ကိုငိုအောင်၊ မျက်ရည်ဝဲအောင်၊ရင်နင့်အောင်၊ တစိမ့်စိမ့်တွေးပြီးပီတိဖြစ်အောင် လုပ်နိုင်သလို ရယ်မောလာအောင်၊ အတွေးသစ်ရအောင်လဲ လုပ်ပေးနိုင်စွမ်းရှိပါတယ်။
ဝတ္ထုထဲက ဇာတ်ကောင်ရဲ့လွမ်းမိုးမှုကြောင့်လဲ နာမည်တွေကို အစွဲပြုပြီး စာရေးဆရာဖြစ်လာသူတောင်ရှိသေးတယ်၊ နောက်ပြီးဘဝမှာအားငယ်သူတွေဝန်ခံတာဖတ်ဖူးကြမှာပေါ့၊ ဘယ်စာရေးဆရာရဲ့ စာအုပ်လေး ကြောင့် ၊ စာအုပ်လေးကြောင့်သူတို့ရဲ့ဘဝလေးပြုပြင်ပြောင်းလဲလာရတာပါဆိုတာလေ။
တချို့ကတော့စာအုပ်ကိုအချိန်ကုန်ဖတ်ရတာမျက်စိညောင်းတယ်တဲ့၊ စာအုပ်အထူတွေလဲမဖတ်ဘူးတဲ့၊ အိပ်မပျော်လို့ မျက်တောင်လေးပြီးအိပ်ချင်လာအောင်စာဖတ်တယ်ဆိုပဲ၊ စာတစ်မျက်နှာတောင်မကုန်သေးဘူး အိပ်ချင်လာတယ်တဲ့၊ ကဲ အိပ်ဆေးဖြစ်ရော၊ စာတစ်အုပ်ကပေးတဲ့ ရသကိုမခံစားဖူးကြလို့ပါ၊ အဲ့ဒီရသက ရုပ်ရှင်တွေ၊ တီဗွီတွေ၊ ကပေးတဲ့ရသထက်ပိုတယ်ဆိုတာမနှိုင်းယှဉ်ဖူးကြလို့ပါ။
ဝတ္ထုကောင်းတအုပ်ရေးဖို့ဆိုတာကမလွယ်လှပါဘူး၊ စာဖတ်သူကိုအဆုံးထိ ဆွဲခေါ်သွားဖို့နဲ့ ပေးချင်တဲ့ရသလေး ထိမိဖို့ ဖတ်ပြီးရင်အတွေးလေးတစ်စကျန်နေရစ်စေဖို့ရေးရတာပိုမလွယ်ပါဘူး၊စာကအသေပါ၊ လူကိုဒီစာတွေဖတ်ချင်အောင်၊ လက်ကမချနိုင်လောက်အောင် ဆွဲဆောင်နိုင်တဲ့စာရေးဆရာတွေကအရမ်းကိုတော်ပါတယ်။
စကားလုံးကြွယ်ဝမှုနဲ့ စကားအထားအသိုတွေလဲ အရေးကြီးပါတယ်၊ ဇာတ်လမ်းဇာတ်ကွက်ရော၊ စာဖတ်သူတွေပုံပေါ်လာအောင်ဇာတ်ဆောင်တွေရဲ့ အမူအရာရော၊ဇာတ်သိမ်းထိသူတို့ရဲ့ ကြိုးပမ်းအားထုတ်မှုကမလွယ်လှပါဘူး။
စာရေးဆရာတွေထဲကသေဆုံးသွားတဲ့နှစ်သက်တဲ့သူတွေကိုအရမ်းနှမြောလှပါတယ်၊ဂျာနယ်ကျော်မမလေး၊ ခင်နှင်းယု၊ ဝင်းဝင်းလတ်၊ မြသန်းတင့်၊ ဗန်းမော်တင်အောင်၊ လူထုဦးလှ၊ ဦးသာဓု၊ တက္ကသိုလ်ဘုန်းနိုင်၊ ဝင်းဦး(မိန်းမလှအမုန်း) ၊ တာရာမင်းဝေ၊ နီကိုရဲ…..စသည်ဖြင့်အများကြီးပါ။
ဘာသာပြန်ထဲမှာမြသန်းတင့်ကိုအကြိုက်ဆုံးပါ၊ စာတွေစဖတ်တဲ့ မရင့်ကျက်သေးတဲ့ အချိန်က ဘာသာပြန်ဆိုတာ ကိုယ့်အတွေးမစိုက်ရပဲ ခိုးချတာများလို့ယူဆမိတယ်(ခွင့်လွတ်ပေးပါ) ဘာသာစကားကျွမ်းကျင်မှုအပြင် မြန်မာနားနဲ့သင့်လျော်အောင်ဘာသာပြန်တတ်ဖို့၊စာအရေးအသားပြေပြစ်ဖို့အရမ်းခက်ပါတယ်၊ ဘာသာပြန်တော်တော်များများဖတ်မိ၊ နှိုင်းယှဉ်မိလာတော့မှပိုသိလာတယ်၊ကမ္ဘာ့စာကောင်းတွေ ဖတ်စေချင်တဲ့စေတနာကိုပါသိလာတော့ တချိန်ကအတွေးကိုရှက်လိုက်ရတာ၊ နေဝင်းမြင့်လဲကြိုက်တယ်၊
ဖတ်ဖူးတဲ့ဘာသာပြန်ဝတ္ထုတိုလေးထဲက လူနာဆောင်အမှတ်ခြောက်နဲ့ ငါ့ဒိန်ခဲကိုဘယ်သူနေရာရွှေ့သလဲကိုကြိုက်တယ်။
ရာဇဝင်ထဲမှာတော့ချစ်ဦးညိုပေါ့၊ “လကာင်္ဒီပချစ်သူလေ” (မဒိုးကန်ကလဲကြိုက်တယ်ဆိုပဲ)
ဘယ်လောက်ထိအရေးအသားကဆွဲဆောင်လဲဆိုတော့ဒဿ ဂီရိကိုသနားမိတဲ့အထိပေါ့၊ သူ့မှာလဲအခွင့်အရေးရှိတာပဲ ရာမတို့လက္ခဏ တို့ဆိုတာက တကယ်ချစ်လို့လေးပြိုင်ပွဲဝင်တာမှမဟုတ်တာဆိုပြီးတောင် ဒဿကိုအလေးပေးပြီး သူ့အချစ်ကိုဝင်ခံစားပေးမိတဲ့အထိပေါ့။
ဗန်းမော်တင်အောင်ကို“ဒေါက်တာရေချမ်း” တစ်အုပ်ထဲ ဖတ်ဖူးပြီး ဒေါက်တာရေချမ်းနဲ့ သူ့ကိုလာစောင့်ရှောက်ပေးတဲ့ ခင်ခင်ကြီး (မမှားဘူးထင်တာပဲ) ကိုသနားလို့မဆုံးဘူး၊ တက္ကသိုလ် ဘုန်းနိုင်ရဲ့ စာအုပ်ထဲက ဒီ “သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်” ကအကြိုက်ဆုံးပါ။
ဝင်းဝင်းလတ်က ၂ အုပ်ဖတ်ဖူးတယ်၊ ၂ အုပ်လုံးကြိုက်တယ်။ နောက်တစ်အုပ်ရဲ့ ခေါင်းစဉ်မမှတ်မိဘူး၊ ဒါပေမဲ့ ဖောက်ပြန်တဲ့ယောကျာင်္း ကိုသိရက်နဲ့ မိန်းမတွေ ကလေးမျက်နှာငဲ့ရတာနဲ့ ပတ်ဝန်းကျင်မှာ တခုလပ် ဆိုတဲ့ မကောင်းတဲ့ အကြည့်တွေ၊ အကြောင်းကြောင်းကြောင့်သိရက်နဲ့ မသိချင်ယောင်ဆောင်ပြီး( ဝုန်းဒိုင်းကျဲမိရင်လဲ သိလဲပြီးတာပဲဆိုတဲ့စိတ်နဲ့ ဗြောင်ပဲလွတ်လပ်ခွင့်ပေးလိုက်မိသလိုဖြစ်မှာစိုးတဲ့ မိန်းမတွေအကြောင်းပါ။
ဂျူး ရဲ့စာအုပ်တော်တော်များများက အရမ်းကို စိတ်ထိရှစေတယ်၊ ဖတ်ပြီးရင်လဲ ၂ရက်၃ ရက် အဲ့စာအုပ်အကြောင်းတွေးဖြစ်နေတတ်တယ်၊ “အမှတ်တရ” ၊ “ချစ်သူလားစကားတစ်ပွင့်ပွင့်ခဲ့တယ်” နဲ့ “မိန်းမတစ်ယောက်၏ဖွင့်ဟဝင်ခံချက်” ၊ “ကြာတော့သည်လဲမောင့်စကား” ကျမချစ်သောယောကျာင်္းများဝတ္ထုတိုထဲက “ကျောက်တိုင်(သိပ်မသေချာ) ချင်းမလေးကိုချစ်မိတဲ့ ကျောင်းဆရာတစ်ယောက် သေဆုံးသွားချိန်မှာရေးထားတဲ့ကျောက်တိုင်လေးအကြောင်းနဲ့ “မြရဲ့လ” တို့ကိုဘယ်နှစ်ခါဖတ်ဖတ် မျက်ရည်လည်အောင်ခံစားမိတယ်၊ အကြိုက်ဆုံးကတော့ “ပင်လယ်နှင့်တူသောမိန်းမများ” ပါ၊ ဂျူး ကိုယ်တိုင် စာပေဟောပြောပွဲမှာဘပြောသလို အချစ်ဝတ္တုကို အရင်လို မရေးနိုင်တော့ပါဘူး၊ နှမြောပေမဲ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်းတွေလဲဖတ်လို့ကောင်းပါတယ်။
အခန်းဆက်အနေနဲ့ဖတ်ဖူးတာက နုနုရည်(အင်းဝ)ရဲ့ “ပြုံးရွေ့လဲကန်တော့ခံတော်မူပါ၊ ရယ်၍လဲကန်တော့ခံတော်မူပါ” ခင်ခင်ထူး ရဲ့ “မအိမ်ကံ” “ကိုကြာညို” (ခေါင်းစဉ်ထက်ဇာတ်ကောင်တွေပဲမှတ်မိတော့တယ်) သူတို့တွေကိုသနားတယ်၊ ဒီ “ဝတ်လဲတော် ရွှေပုဆိုးတန်းထိုးလို့ကြိုမယ်” လဲ ဖတ်ပြီးစိတ်ထဲ မကောင်းဘူး။
မောင်လှမျိုး(ချင်းချောင်းခြံ) ၊ နေနော်၊ ပြောရရင်မကုန်ပါဘူး။
ဝင်းဝင်းမြင့် ၊ ခက်မာ၊ မိချမ်းဝေ၊ သန်းမြင့်အောင်၊ မောင်ညိုပြာ၊ ဂျိုဇော်(“ချောင်းဟန့်သံ” အကြိုက်ဆုံး) ၊ မစန္ဒာ …ခု စာရေးကျဲသွားတဲ့ သူတို့ကိုလဲကြိုက်တယ်။ ဘယ်သူရေးတာမှန်းမသိတဲ့ “လိပ်ပြာခွဲတမ်း”ဆိုတဲ့ ဝတ္တုတိုလေးကိုကြိုက်တယ်။ ခု ရွှေ အမြုတေ ထဲက လက်သစ်တွေလို့မထင်ရအောင် တော်တဲ့လူတွေ တွေ့ရတာအရမ်းဝမ်းသာစရာပါ။ အခုဆိုသူတို့တွေက ရွှေအသစ်ဆိုတာထက်ကျော်ပြီး ပင်တိုင်တွေတောင်ဖြစ်လာကြပြီ၊ အများကြီးထွက်လာတာ ဖတ်ရတာ ကျေနပ်အားရစရာပါ။
တက်ကျမ်းတွေလဲဖတ်ဖြစ်တယ်၊ ဒါပေမဲ့ လိုက်မလုပ်နိုင်တော့ ဖတ်ပြီးမှတ်ရုံပေါ့။
ဘလော့ဂ် ဂါတွေထဲမှာ လဲ စာရေးကောင်းတဲ့ သူတွေ အများကြီးပါ (ကိုယ်မပါ) ၊ တချို့ဆို ပုံနှိပ် ထုတ်ဝေတဲ့ အဆင့်တောင်ရောက်လို့ မုဒိတာပွားမိပါတယ်။ IT ခေတ် မှာ စကားဝါမြေ ၊ Myanmar E book လို ၊ အချင်းချင်းညွန်းတာလို တွေကို ဒေါင်းလုတ် လုပ်ပြီး စာဟောင်းတွေ အများကြီးပြန်ဖတ် ဖြစ်ပါတယ်။ ထိုင်လို့၊ ထလို့၊ နေရာတကာ ယူသွားဖတ်လို့ မရတာကြောင့် တနေရာထဲ ညောင်းလောက်အောင် ထိုင်ရသလို အာရုံအရမ်းစိုက်ရတာကြောင့် လဲ မျက်စိစပ်တယ်၊ ကလစ်နှိပ်ရတာ ၊ မောက်စ် ဆွဲရတာ ၊ တစ်ခါတစ်လေ ကျော်သွားတာ သီးခံနိုင်ပေမဲ့၊ စာအုပ်ဟောင်းလေးပဲ ဖြစ်ဖြစ် အိပ်ရာပေါ် ထိုင်လိုက်၊ လျောင်းလိုက်၊ ဝမ်းလျားမှောက်လို့လဲ ဖတ်နိုင်တာကိုပိုကြိုက်ပါတယ်၊ ငိုမိရင်လဲ ခေါင်းအုံးက မျက်နှာအပ်ရလွယ်တယ်လေ။
ဒါက (KWAT .Kachin women association Thailand) က ငှားထားတဲ့စာအုပ်ပါ၊ သူတို့ဆီက မဂ္ဂဇင်းတော်တော် များများဖတ်ဖြစ်တယ်၊ လမ်းကူးရင် ရောက်တဲ့ စာအုပ်ငှားတဲ့နေရာလေးပါ၊ အဖွဲ့အစည်း မို့ လို့ သူတို့စာအုပ်တွေ သွားဓါတ်ပုံရိုက်ရင် မကောင်းလို့ ငှားလာတာလေးပဲ ရိုက်လိုက်တာ။
ဒါတွေက ပေါ့ပါးပါး လေးတွေ ကြိုက်တယ်၊ ဟို စာအုပ်ထူထူတွေက အလှပြရုံပေါ့ ။ မဖတ်နိုင်တာလဲအဓိက
ဘာရယ်မဟုတ်ဘူး စာရေးမလို့ ထိုင်လိုက်တာ လက်ထဲမှာလဲ ကင်မရာ ကိုင်ထားတုန်းမို့ ရိုက်လိုက်တဲ့ ကိုယ့် စာရေးခုံလေးပါ။
စွဲမက်တဲ့အထဲမှာခွေလဲပါတယ်။ ဒါက အကြိုက်ဆုံး IRON CROSS band ပေါ့ ကလေးဖြူကိုအကြိုက်ဆုံး ( မသေးမျှင်က ..ကတွတ်ပီ လို့ ခေါ်တာသဘောကျလို့ပါ) တချို့သူငယ်ချင်းတွေက ကိုယ့်ကိုယ် လေးဖြူသရဲ တဲ့။
ထူးအိမ်သင်က လေးစားတဲ့အထဲပါတဲ့ အဆိုတော်ပါ။
ဒါကရေဒီယို ဥာဏ်စမ်းတွေဖြေလို့ ရထားတဲ့သီချင်းခွေတွေပေါ့။
ဒါက Thai အဆိုတော်တွေ ထဲက ကြိုက်တဲ့သူ တွေ၊ ထုန်းချိုင်းကတော့ အကြိုက်ဆုံးပေါ့။
3 comments:
စုံစုံလင်လင်ပါလား ပိတောက်ရေ။ ဖတ်စရာတွေ အများကြီးပဲနော်။
အားကျစရာ။ စွဲမက်စရာကောင်းတာလေးတွေ ဖတ်သွားတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
စုံလင်လှပါတယ်
အကြိုက်ချင်တော်တော်တူပါတယ်
လေးဖြူကြိုက်တာချင်းလဲတူပါတယ်
စာအုပ်တွေကို အားကျတယ်... ခင်ဗျ...
แสดงความคิดเห็น