วันศุกร์ที่ 11 พฤศจิกายน พ.ศ. 2554

မျက်ဝန်း


                                    မျက်ဝန်း
သူ့အနေနဲ့ ဘယ်အချိန်လောက်ကစပြီး ဒီအကျင့်စွဲလာတာသူကိုယ်တိုင်တောင် မမှတ်မိနိုင်လောက်အောင်ကြာပါပြီ။
  ဝန်းစက်သော၊ ကျဉ်းမြောင်းသော၊ နက်သော၊ ညိုသော၊ ပြာလဲ့သော၊ မည်သို့သောမျက်လုံးမျိုးကိုမဆို အပြစ်ကင်းသော မျက်လုံးများကိုနှစ်သက်တာ၊ လိုက်ကြည့်နေမိတာကြာလှပါပြီ၊ ဒါ့အပြင် စူးစမ်းလိုစိတ်နှင့် ပြူးကြောင်ကြောင် သူဘာလုပ်လုပ်  လိုက်ကြည့်နေတတ်သော ကလေးများနှင့်တွေ့လျှင်တော့
သူ့စိတ်တွေပါ ရွှင်မြူးလာပြီး နှာခေါင်းရှုံ့ပြ၊ လက်လှုပ်ပြ၊ ခေါင်းစောင်းပြမိတော့သည်၊ သူ့ထံမှ ကလေးလေး၏ စိတ်ဝင်စားမှု မလျော့မချင်း သူကျေနပ်ကာ ပြုံးနေမိသည်။
ရန်လိုသော ကလေးဖြစ်စေ၊ အလိုမကျပဲ ငိုနေသောကလေးပင် ဖြစ်ပါစေ သူ့အပြုံးနှင့် စတင်နူတ်ဆက်မိသည်၊ အဲ.စိတ်ကြည်သောကလေးနှင့် တွေ့လျှင်တော့သူ့စကားနားမလည်သော ကလေးကို မြူးလာအောင် သူမြူလိမ့်
မည်။
 ဘယ်အချိန်က မှန်းမသိလောက်အောင် ကလေးလေးတွေတွေ့ရင်မရည်ရွယ်ပဲ အလိုလို ပြုံးမိတတ်တာ ကြာလှပါပြီ။
ထိုမျက်ဝန်းတွေနှင့် ဆန့်ကျင်ဖက် မျှော်လင့်ချက်ကင်းမဲ့သော မျက်ဝန်းလဲ သူကြာရှည်ရင်မဆိုင်လို ၊ ရောဂါကြောင့်ဖြစ်စေ၊ အကြောင်းကြောင်းကြောင့် စိတ်သောကရောက်နေသူ၊ ထွက်ပေါက်မရှိသူလို အရောင်မဲ့မျက်ဝန်းတွေ၊ ဘာဦးတည်ရာမှမရှိပဲ စိတ်ပျက်လက်ပျက် မျက်ဝန်းမျိုးတွေလဲ မနှစ်သိမ့်တတ်တဲ့ သူ့အတွက် မျက်နှာလွဲရုံကလွဲလို့ ။
  မျက်လုံးက ကောက်ကျစ်မှုတွေနှင့် နူတ်ခမ်းကပြုံးကာ စကားတွေချိုချိုသာသာ၊ ဝေဆာနေသော မျက်လုံးတွေကိုတော့ သူမုန်းသည်၊ အတွင်းစိတ်က လျှို့ဝှက်ချက်တွေနှင့် မရိုးသားသော မျက်လုံးများကို သူမကြိုက်။
   မျက်ဝန်းတွေက ညို့တတ်တယ်ဆိုတာ အမှန်လားတော့မသိ၊ တစ်စုံတစ်ယောက်က စိုက်ကြည့်တာ ခံရလျှင်အလိုလို လှည့်ကြည့်မိတတ်ကြတာ သဘာဝပင်။
သူ့ပိုင်ဆိုင်ခဲ့ရဖူးတဲ့ အကြည့်နက်နက်တွေ ၊ မခွဲခွာလိုတဲ့ သံယောဇဉ်မျက်ဝန်းတွေနဲ့ ၊ ပြောစရာများပြီး ပြောမထွက်တဲ့ မျက်ဝန်းတွေလဲ ကြုံရဖူးပေါင်း များလှပါပြီ။ သူဘာလုပ်လုပ် အစွမ်းကုန် အလိုလိုက်ပေးတော့မဲ့ ရယ်မြူးရိပ်သန်းနေတဲ့ မျက်ဝန်းတွေလဲ ကြုံခဲ့ဖူးပါပြီ။
  သူ့အတွက်တော့ သူ မဖတ်တတ်တဲ့ မျက်ဝန်းတွေကလွဲရင် မျက်ဝန်းဆိုတာ နှလုံးသားရဲ့ တံခါးပေါက် ဆိုတာကိုတော့ သူအကြွင်းမဲ့ လက်ခံသည်။
 ဒီနေ့တော့ သူ့ဘဝမှာ မျက်ဝန်းတွေနှင့် ပတ်သက်ပြီး သူအရမ်း ကြေကွဲရသော နေ့တစ်နေ့၊ ကားထွက်ခါနီးထိ မခွဲခွာလိုပဲ မျက်စိအောက်က ပျောက်သွားမှာစိုးတဲ့ အကြည့်တစ်စုံ၊ ဘာကိုမျှ မျှော်လင့်ချက် သိပ်မထားတော့သော မျက်ဝန်းအကြည့်တွေကြောင့် သူ့စိတ်တွေပါ လေးလံထိုင်းမှိုင်းသွားပြီး ဒီအကြည့်တွေရဲ့ စိုးမိုးမှုကို ခံရလျှက်ရှိသည်။
  သူ့အနေနှင့် ပထမဆုံးမဟုတ်ပဲ အကြိမ်ကြိမ် ခွဲခွါဖူးပါလျှက် ဒီတကြိမ်လောက် စိတ်ထိခိုက်တာမရှိ၊ ခွဲခွါချိန်တိုင်း ဒီမျက်ဝန်းတွေနှင့် ကြုံဖူးပါလျှက် ဒီနေ့အကြည့်လောက် သူ့ကို စိတ်ထိခိုက်စေတာမရှိ။
 မျက်ဝန်းနက်တွေက ဖျော့ပြီး အညိုရောင်ဖက်လုကာ၊ အားငယ်မှုတွေပါ ရောလျှက်ရှိသော မျက်ဝန်းတစ်စုံ၊
ဒါဟာ အသက်ကြီးမှုကြောင့် ဖြစ်တည်ခဲ့တာလား၊ ဘာကြောင့်လဲ သူမသိ၊ သူသတိထားမိ ချိန်မှာတော့ ဒီမျက်ဝန်းတွေ မွဲပြာခဲ့ပြီ။
  ဆုံဆည်းချိန်တိုင်း ပျော်သွားတဲ့မျက်ဝန်းတွေနှင့် ခွဲခွါလာတိုင်း မခွဲနိုင်မခွာရက် ငိုမယောင်မျက်ဝန်းတွေ သူ
တွေ့ရက်နဲ့ နေရာသစ်မှာ အပေါင်းသင်းသစ်တွေနဲ့ သူပျော်ခဲ့ပြီ၊ နေသားကျခဲ့ပြီ။
ကျန်ရစ်ခဲ့သူသာ ပျော်လိုက်၊ ဝမ်းနည်းလိုက်နှင့် ဒီဒဏ်တွေကို မရိုးနိုင်အောင် အကြိမ်ကြိမ် ခံစားခဲ့ရပြီလား “နင်လာတာပျော်လို့ နင့်အဖေ ထမင်းတောင် မစားနိုင်တော့ဘူး” ဆိုတဲ့စကားကို ကျေနပ်စရာ၊         ကြည်နူးရုံကလွဲပြီး အလေးအနက် မထားခဲ့မိဘူး။
  ဒီတွေ့ဆုံ၊ ကြုံကွဲ ဆိုတာကို ခံရဖန်များတော့ စိတ်နှလုံးတွေက တစ်ဆင့် မျက်ဝန်းတွေကို မှိန်ဖျော့စေခဲ့ သလား၊သူမသိ၊ သွယ်ဝိုက်သောနည်းနှင့် သူနှိပ်စက် မိလေသလား၊ သူ့ကိုသူမလုံ၊ သူ့ရင်ထဲ တစ်နေရာမှာတော့ မှိန်ဖျော့ဖျော့နဲ့ မခွဲနိုင်တဲ့ ကြေကွဲမှုတွေနဲ့ မျက်ဝန်းတစ်စုံက တွဲခိုလျက်။

4 comments:

စံပယ်ချို กล่าวว่า...

မျက်လုံးက ကောက်ကျစ်မှုတွေနှင့် နူတ်ခမ်းကပြုံးကာ စကားတွေချိုချိုသာသာ၊ ဝေဆာနေသော မျက်လုံးတွေကိုတော့ သူမုန်းသည်၊ အတွင်းစိတ်က လျှို့ဝှက်ချက်တွေနှင့် မရိုးသားသော မျက်လုံးများကို သူမကြိုက်..............ဂျက်လဲအဲဒီလိုပဲပိတောက်ရေ...

မိစံ กล่าวว่า...

L-လွန်းဝါ သီချင်းထဲက မျက်ဝန်းနဲ့ကော
တွေ့ပီးပလားပိတောက်ရေ..း)
ချစ်ခင်လျှက်

mstint กล่าวว่า...

'မျက်ဝန်းနက်တွေက ဖျော့ပြီး အညိုရောင်ဖက်လုကာ၊ အားငယ်မှုတွေပါ ရောလျှက်ရှိသော မျက်ဝန်းတစ်စုံ' အကြောင်းဖတ်သွားတယ် ပိတောက်ရေ။
စိတ်ဓတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Crystal กล่าวว่า...

မျက်ဝန်းတွေကို သိပ်စိတ်ဝင်စားတာပဲ။ မျက်ဝန်းဆိုတာ လူ့စိတ်ရဲ့ ပြတွင်းပေါက်မဟုတ်လား :)

แสดงความคิดเห็น

จำนวนการดูหน้าเว็บรวม

 
Copyright (c) 2010 ပိတောက်. Design by WPThemes Expert

Themes By Buy My Themes And Web Hosting Reviews.