วันศุกร์ที่ 23 กันยายน พ.ศ. 2554

မိစန္ဒီ အရိုင်းမ


                                                 မိစန္ဒီ အရိုင်းမ 

“လွင်ရေ ဖမ်းလို့ရပြီလား”  “ မရသေးဘူး၊ ခြူသံတော့ကြားတယ်၊ ခြံထောင့်မှာရှိနေမယ်ထင်တာပဲ”

“ အေး..အကြောက်လွန်ပြီး  ခြံကျော်ထွက် ပြေးမသွားဖို့ပဲ အရေးကြီးတယ်။”

 မနေ့ညကတည်းက သူမနဲ့လွင် နှစ်ယောက်သား မိစန္ဒီ ကိုသွားခေါ်လာ ပြီးကတည်းက အလုပ်ရှုပ် နေကြခြင်းဖြစ်သည်။
  
မိစန္ဒီ ဆိုတာက အ၀ါနဲ့ အစင်းကျား အရောင်အသွေးရှိ ပြီး မျက်လုံးတောက်တောက်နဲ့ကြောင်မလေးပါ၊

ကြောင်မကြီးကတော့ ဘယ်ကမှန်းမသိ ၊ ဘယ်အချိန်ကတည်းက မှန်းမသိ သူတို့ရဲ့ ရေလှာင်ကန်ထဲ 

လာ သေနေမှတွေ့ဖူးရတယ် ။

 ရေလှောင်ကန်ဆေးပြီး ပြန်မဖုံးခင် ခြံကျော်ရင်းကျသွားတာဖြစ်နိုင်သည်။ ရေတွေနံ မှ သတိထားမိပြီး 

ရေလှောင်ကန်ထဲမှာ ပွရောင်းပြီး သေနေတာတွေ့တော့ ရွံရှာပြီး ၊ ဒီရေတွေ ချိုးမိနေကြတဲ့ သူမတို့ 

မသတီပဲ ပျို့အန်ချင်လာသည်။
      
 (၂) ရက် (၃) ရက် လောက် အကြာမှာတော့ ဘယ်ကမှန်းမသိတဲ့ ကြောင်လေးတွေ အော်သံ ကြားတော့ 

သူမနဲ့လွင် ဇဝေဇ၀ါ ဖြစ်သွားတယ် ၊ အသံက ကြားလိုက်မကြားလိုက်နဲ့မို့ ဒို့တွေနားကြား လွဲ တာ

ပဲဖြစ်မှာ ပါ၊လို့လွင့်ကို ပြောမိတယ်။
   
တနေ့လည်ခင်းမှာတော့ သူမတို့အခန်းရှေ့ကလစ်ခနဲ ဖြတ်ပြေးသွားတဲ့ကြောင်ကလေး ကိုတွေ့တော့ 

အရမ်းအံ့သြသွားတယ် ။ ဘယ်ကဖြစ်မလဲလို့ ထွက်ကြည့်တော့ အလဲလဲ အပြိုပြို နဲ့ ခြုံ အောက်ထဲ 

ဝင်သွား တာတွေ့ရတယ်။

 “လွင်ရေ လာကြည့်အုံး၊ ကြောင်ကလေးတွေ ၊ ဒါသေသွားတဲ့ ကြောင်မကြီး ရဲ့ကလေးတွေဖြစ်ရမယ်။ ”

“ဟုတ်မယ်၊ လွင်လဲ မနက်က မှတွေ့တယ်၊ သူ့မအေ နို့မသောက်လိုက်ရလို့ထင်တယ်၊ ပိန်လှီပြီး 

 အောင်တာတောင် အသံမထွကသလို ဖြစ်နေတာကို လွင်တို့က နားကြားလွဲတာ ထင်နေတာကိုး”

“ အေး.. ဘယ်အချိန်ထဲက ခြံထဲလာ မွေးထားပါလိမ့်နော်၊ ဘယ်သူ့ ကြောင်မှန်းလဲမသိ၊ 

ဘယ်သူမှ လိုက်ရှာတာ မတွေ့ပုံထောက်တော့ ပိုင်ရှင်မရှိဘူး ထင်တယ်၊ လွင် နို့ဗူးသွားဝယ်ပြီး 

ပန်းကန်ပြားလေးထဲ ထည့်ပေးကြည့်၊ သောက်မလားလို့၊ အခုလဲအစာရှာ ထွက်ကြတာထင်တယ်၊ 

သူတို့အမေ သေသွားတာတောင် သိကြရဲ့လား မသိဘူး သနားပါတယ်ဟယ်။”
  
လွင်ဝယ်လာတဲ့  နို့ဗူး ပန်ကန်ပြားထဲ လာသောက်ကြပေမဲ့ ကြောင်လေးတွေက လူတွေလာရင် 

ပြေး ပုန်းကြတုန်း၊သူ့အမေက  သင်ပေးချိန်မရလိုက်ပေမဲ့ သဘာဝတရားက သင်ပေးလိုက်တယ်ထင်ပါရဲ့၊ 

လူလစ်ရင် အစားလာစားကြပေမဲ့ လူသံကြားရင်ပြေးတုန်း၊
    
သူမတို့နှစ်ယောက်က ခွေးမောင်းလိုက်၊ အစာကျွေးလိုက်၊ တခါလေမှာတော့ ဝေးဝေး 

ကနေ ကြောင်ကလေးတွေရဲ့ လှုပ်ရှားမှု ကိုလဲချောင်းကြည့်တတ်တယ်။
  
သူတို့တွေထဲက  အ၀ါနဲ့အစင်းကျား ထူးထူးခြားခြား ကြောင်မဲတွေကြားထဲ ပါလာတဲ့ 

ခုနာမည် သစ်ရနေတဲ့ စန္ဒီပေါ့၊ ဒီမတိုင်ခင်ကတော့ သူမပေးထားတဲ့နာမည်က အ၀ါလေး တဲ့။

 ဒီအချိန်မှာ ပိုင်ရှင်မဲ့တဲ့ ကြောင်ကလေးတွေကို မွေးချင်တဲ့လူတွေ ရှိလာတယ် ၊ သူတို့မျက်စိကျတာက 

အ၀ါလေးပဲပေါ့၊ “ ဒီတစ်ကောင်လေး ယူသွားမယ်နော်၊ ကောင်းကောင်းမွေးပါ့မယ်” တဲ့ ။ 

သူငယ်ချင်းယူသွားတဲ့ ကြောင်ကလေးကို ကြည့်ပြီး လွင်နဲ့သူမ တို့ နှစ်ယောက် ၊သူတို့မောင်နှမ တွေကို 

အမေနဲ့ခွဲရတာတောင် မကြာသေးဘူး၊ မောင်နှမတွေကို ထပ်ပြီးခွဲသလို ဖြစ်နေပြီလားလို့ တွေးမိပြီး

စိတ်မကောင်းကြဘူး။
  
တဖြေးဖြေးနဲ့ ယှဉ်ပါးလာတဲ့ ကြောင်တွေက အစာကျွေးတဲ့ သူတွေကို သိလာတယ်၊ 

ထွက်မပြေးတော့ပေမဲ့ လူလာရင် ထိတ်လန့်တဲ့သဘောနဲ့ တွန့်ဆုတ်ဆုတ်လုပ်မယ်၊ တအောင့်လောက် 

နေမှ အနားကပ်လာကြမယ်။ အရင်ကနဲ့ စာရင်တော့ လမ်းကိုညီညာ ဖြောင့်တန်းအောင် လျှောက် 

တတ်လာ ပြီး အော်သံလဲ ကြည်မြပီသ လာခဲ့ပြီ။
   
 (၁) လလောက်အကြာ မှာတော့ သူမနဲ့လွင် နှစ်ယောက်သားတိုင်ပင်ပြီး သူတို့မောင်နှမတွေ 

ဆုံပေးဖို့ စဉ်းစားမိတယ်၊ ခွဲမိတဲ့သူတို့နှစ်ယောက် အပြစ်မကင်းသလို ခံစားနေရတာကြောင့်လဲပါတာပေါ့၊ 

အ၀ါလေးကို ခေါ်လာပြီး သူတို့မောင်နှမတွေတွေ့ပေးရအောင် စီစဉ်လိုက်တယ်၊
  
သူတို့တွေ ပြန်ဆုံရင်သိပ်ပျော်မှာပဲ လို့ တွေးမိတော့ ကြောင်လေးတွေ အတွက်တွေးပြီးကြည်နူး 

နေမိတယ်။
  
 အ၀ါလေး ဆိုတဲ့နာမည်က တောဆန်လိုက်တာတဲ့ ၊ ရှိပါစေတော့ ပိုင်ဆိုင်သူဆန္ဒအရ စန္ဒီဖြစ်နေတဲ့ 

အ၀ါလေးက ခြူကလေးတစ်လုံးနဲ့ ဆိုင်ကယ်ပေါ် ရုန်းကန်ရင်းပါလာတယ်။

အိတ်ထဲ ထည့်ရင်မွန်းမှာ စိုးတာကြောင့် ပွေ့ခေါ်လာတဲ့ စန္ဒီက အိမ်အရောက်မှာတော့ ဆိုင်ကယ် 

အရပ်အရပ်မှာ အတင်းရုန်းပြီး ခြံထဲခုန်ဆင်းသွားခဲ့တယ်။ ခြံနောက်ဘက်ကို ပြေးသွားတာကြောင့် 

သူ့မောင်နှမ တွေရှိရာ မှတ်မိတယ် ထင်ပြီးလွတ်ထားပေးလိုက်တယ်။

အလုပ်တစ်ခု ပြီးသွားသလို ပေါ့ပါးသွားတယ်၊ မနက်ရောက်လို့ သွားကြည့်တော့မှ သူ့မောင်နှမတွေကို 

မာန်ဖီနေတာ တွေ့လို့ အရမ်းအံ့သြသွားမိတယ်။ ကျန်တဲ့(၃) ကောင် ပြေးကစားချိန်မှာလဲ 

ချောင်ထဲကနေ မမှိတ်မသုန်နဲ့ ကြည့်နေတယ်၊ အစာကျွေးလဲမရ၊ နို့လဲလာမသောက်နဲ့ ၊

တစ်ကောင်တစ်လေသူ့အနားကပ်မိရင် မာန်ဖီနေရော။
  
 “မမှောင်ခင် ဖမ်းထားရအောင် လွင်ရေ ဒီညနေ ပဲ ပြန်ပို့လိုက်တာပေါ့၊ အကုတ်မခဲရအောင်တော့ 

သတိထားအုံး”

 ဘယ့်နှယ် မောင်နှမတွေ တွေ့ရင်ဝမ်းသာကြလိမ့်မယ်၊ ပျော်ကြလိမ့်မယ် ဆိုတဲ့အထင်နဲ့တကူးတက 

သွားခေါ်လာခဲ့ရတယ် ၊ တလတာကာလ ကမောင်နှမတွေကို မမှတ်မိနိုင်လောက်အောင် 

ဘယ်အရာတွေကလုပ်ပေးလိုက်တာလဲ၊ စိမ်းအောင်ခွဲလိုက်တဲ့ သူမတို့နှစ်ယောက်က တရားခံတွေလား၊ 

တ၀မ်းတည်းက ထွက်ခဲ့တယ်ဆိုတဲ့ အသိမရှိလောက်အောင် သွေးကစကားမပြောတတ်တော့ဘူးလား၊ 

တိရိစ္ဆာန်တွေမှာ လူတွေလို သံယောဇဉ်လေး မရှိကြဘူးလား။

 ကြောင်မကြီးရဲ့ အုပ်ထိန်းမှုနဲ့ လွတ်ကင်းရတာကြောင့်လား၊ မသိတတ်ချိန်ကပဲ မောင်နှမတွေနဲ့ 

ခွဲရတဲ့ ဒဏ်ကြောင့်လား၊ ဘာကသူတို့တွေကိုဒီလိုသွေးအေးသွားစေတာလဲ၊ သံယောဇဉ်ပြတ်စေတာလဲ၊ 

ဒါမှမဟုတ် သံယောဇဉ်ဆိုတာ တိရိစ္ဆာန်တွေကြားမှာ မရှိတဲ့အရာလား၊ မဆီမဆိုင်ငယ်ငယ်  တုန်းကသင် 

ရတဲ့ ကျေးညီနောင် ပုံပြင်တောင် သတိရလိုက်သေးတယ်။
    
သူတို့ အချင်းချင်းတွေ့ရင် ဘယ်လောက်ဝမ်းသာကြ မလဲ လို့စဉ်းစားပြီးလုပ်ပေးရတာ ခုတော့ ၀မ်းသာ 

ပီတိလေးတောင် မခံစားရတဲ့အပြင် နောက်ဆက်တွဲ အတွေးတွေသာတပုံတပင်သာ ကျန်ခဲ့တယ်။

 သြော်.. အပြန်လမ်းမှာသူမအပေါ် ရှုးတွေ ချန်ထား ခဲ့သေးတာပေါ့။ ပွေ့တဲ့ လွင့် အတွက်ကတော့ 

ကုတ်ခြစ်ရာပေါ့။
  
 ကြောင်အကုတ်ခံရတဲ့ လွင်က ပြောပါတယ်၊ “ဘာမှမဟုတ်ဘူး၊ တခြားကြောင်တွေထက် အရောင်လှပြီး ၊ 
ခြူတစ်လုံးရလို့ ဘ၀င်မြင့်နေတာ၊ အလကား မိစန္ဒီ ၊ အရိုင်းမ တဲ့။

0 comments:

แสดงความคิดเห็น

จำนวนการดูหน้าเว็บรวม

 
Copyright (c) 2010 ပိတောက်. Design by WPThemes Expert

Themes By Buy My Themes And Web Hosting Reviews.