ဒီနေ့ဟာထိုင်းဘုရင်မင်းမြတ်ရဲ့ ၈၄ နှစ်မြောက်မွေးနေ့ဖြစ်ပါတယ်၊ ဆေးရုံကနေပြည်သူ တွေကိုမိန့်ခွန်းခြွေဖို့ ဒီနေ့မနက်မှာ နန်းတော်ကိုပြန်ကြွပါတယ်၊
ပြည်သူတွေပျော်ရွှင်မှုရှိစေဖို့ရေကြီးလို့ဒုက္ခရောက်သူတွေ ကိုတာဝန်ရှိသူတွေ အမြန်ဆုံးလုပ်ပေး ကြဖို့၊ ထပ်ပြီးဒုက္ခတွေမရောက်ဖို့၊ စည်းလုံးမှုရှိကြဖို့ မှာကြားပါတယ်၊ ရေကြီးတုန်းက ဘုရင်ကြီးက သွေးဝမ်း သွားတဲ့အထိ စိတ်ဖိစီးမှုခံခဲ့ရပါတယ်တဲ့။
နေမကောင်းလို့ နန်းတော်ပြန်မကြွပဲ ဆေးရုံမှာပဲ နေတာကြာပါပြီ ၊ မွေးနေ့မှာနန်းတော် ကိုကြွလာမှာ သိလို့ ပြည်သူတွေဝမ်းသာစွာနဲ့လမ်းတလျှောက်မှာ ရော ဆေးရုံမှာပါ လာရောက်စောင့်မျှော်ကြပါတယ်။ ဘုရင်ကြီးမွေးနေ့မှာ အကျဉ်းသား ၂၆၀၀၀ ယောက်ကိုလွတ်ငြိမ်းခွင့်ပေးပါတယ်၊ မြို့တိုင်းကလဲ မီးထွန်းပြီးဘုရင်ကြီးအသက်ရှည်ပါစေကြောင်း ၃ ကြိမ်အော်ဆုတောင်းပေးကြပါတယ်။
ဘုရင်ကြီးရဲ့ ကိုယ်ပိုင်အရောင်ကို အဝါအနေနဲ့သုံးပါတယ်၊ ခုချိန်မှာတော့ အပန်းရောင်ကို ဘုရင်ကြီးရဲ့ ကျန်းမာရေးအတွက် ကိုယ်စားပြု ဝတ်ဆင် ကြတယ်၊ ကုသိုလ်လုပ်ပေးကြတယ်၊ အဖေရင်း တစ်ယောက်ကိုတွေ့ရသလို ဝမ်းသာမျက်ရည်ဝဲကြတယ်၊ငိုကြတယ်။
ဘယ်ဘုရင့်တိုင်းပြည်ဖြစ်ဖြစ် ထိုင်းဘုရင်လို ပြည်သူတွေက လေးစားကြတာ၊ ချစ်ကြတာ၊ ဘုရားလို ကိုးကွယ်တာမရှိပါဘူး။
ထိုင်းဘုရင်မွေးနေ့ဟာထိုင်းတို့ရဲ့အဖေနေ့ဖြစ်တာမို့ အဖေတွေကိုသားသမီးတွေက လက်ဆောင်တွေ ပေးပါတယ်၊ အရေးတယူ အဖေတွေခေါ်လည်ကြပါတယ်၊ အဓိက ပြောချင်တာက အဖေမရှိတော့ပေမယ့် သမီးတစ်ယောက်အနေနဲ့ အမြဲတန်းသတိရနေတယ်ဆိုတာ ကျမရဲ့အဖေကိုသိစေချင်တယ်၊ ရှိတုန်း အပြည့်အဝမပြုစုလိုက်ရတဲ့ နောင်တကြောင့် အမြဲသတိရတယ်၊ ကျမလို သူတပါးတွေအချိန်နှောင်းမှအဖေ့
တန်ဖိုးတွေသိတဲ့သူတွေဘယ်သူ့ကိုမှမဖြစ်စေချင်ပါဘူး။
သနပ်ခါးသွေးလိမ်းမပေးခဲ့ပေမယ့်
ပတ်ကြားအက်တဲ့ခြေလက် ၊ ညနေတိုင်းတခုတ်တရ
ဆေးလူးပေးတဲ့အဖေ။
အအေးမိတော၊့ ရင်ဘတ်ဆီလူး
အဖေမဆလာလုပ်ပေးမယ် တဲ့
နေကောင်းကောင်း၊ မကောင်းကောင်း
အဖေဆီလူးတာနှစ်သက်
တယောက်တလှည့်ဇိမ်ယူကြတယ်။
ထုတ်လာတဲ့ဗလာစာအုပ် ၊ လက်ရေးစောင်းစောင်း
နာမည်တတ်ပေးခဲ့တဲ့အဖေ၊
အားတဲ့ညနေထမင်းချက် ၊ သားသမီးတွေကျောင်းအပြန်
စားရဖို့ဝယ်ခြမ်းချက်ပြုတ် ၊ “စားကောင်းလိုက်တာအဖေ”
ပီတိဖြာဒီစကားကြောင့်
“စား ၊ စား” ၀မ်းအပြင်အိတ်မပါဘူးတဲ့လား။
ဝမ်းရေးအတွက်တနယ်စီ၊မချိတရိလွတ်ရတဲ့သက်သေ၊
ထင်ဟတ်တဲ့အဖေ့မျက်ဝန်း၊ ရဲရဲမကြည့်ရဲခဲ့ဘူး၊
သားသမီးတွေအိမ်အပြန် ၊ ထမင်းမစားနိုင်အောင်အပျော်လွန်
စိတ်ဒုက္ခတွေခံစားခဲ့ရတဲ့အဖေ။
“ငါ့သားသမီးတွေနားသွားသေမယ်” တဲ့
ပိတ်ရက်ရယ်လို့ ၊ စုံစုံညီညီ
အဖေ့နားမရှိ ၊ အဖေမရှိမှ
ဘေးပတ်ပတ်လည် ၊ ၀ိုင်းနေထိုင်ကြလေရဲ့။
ခေတ်ကြောင့်လား ၊ စနစ်ကြောင့်လား
အဖေတစ်ယောက်က ၊ သားသမီးတွေအတွက်
အလျင်မှီပေမယ့် ၊ ဒီလေးယောက်က
အဖေ့ကိုအလျင်မမှီခဲ့ဘူး၊
နီးအောင်လာခဲ့ရပေမယ့် ၊ ဝေးနေရတဲ့အဖေ
နေရာစိမ်းမှာ ၊ အထီးကျန်လို့
အတက်နှေးတဲ့ဆန်ရေအတွက်
ညဉ်းခဲ့လေမလား၊
အဖေမရှိမှ ၊ တရေးရေးမြင်
နောင်တတွေတသီတတန်းနဲ့
အောက်မေ့တသရတဲ့အဖေ
ပေးသလောက် ၊ မလောက်နိုင်တဲ့
သားသမီးတွေအတွက် ၊ ခွင့်လွတ်ပေးပါဆိုတာနဲ့
အိက်မက်ထဲလာခဲ့ပါအုံးလို့၊ ထပ်တောင်းဆိုပါရစေ။
အဖေကောင်းရာသုဂတိလားပါစေ။