วันอังคารที่ 30 สิงหาคม พ.ศ. 2554

ကော်ဖီသောက်တိုင်းလွမ်းတယ်


 ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ အရာတွေကို တချိန်မှာ ပြန်စဉ်းစား အစဖော်လို့ မရလောက်အောင် မေ့နေခဲ့ရင် အရမ်း နေရခက် လှပါတယ်။
  ပါးစပ်ဖျားလေးတင်၊ လျှာဖျားလေးတင် ပြောထွက်တော့မှာလို၊ ရင်ထဲစိတ်ထဲ သိနေပေမယ့် ပြောမထွက် နိုင်၊ ဒီတော့ ထပ်စဉ်းစား၊ စဉ်းစားလေ အဖြေမထွက်လေ အနေရခက်လေနှင့်။
 ဦးဏှောက်က ကဏ္ဍအလိုက် တကန့်စီ မှတ်ထားတယ်လို့ ကြားဖူးတာပဲ၊ စဉ်းစား၊ စဉ်းစား ၊
တခါတလေ မှာတော့ ဦးဏှောက်က မမှတ်မိချင်တာတွေ မမှတ်မိတတ်ဘူး ဆိုတာဟုတ်လေမလားပဲ၊
“ကော်ဖီသောက်တိုင်းလွမ်းတယ်” ဆိုတဲ့ အခွေနားထောင်ရင်း တခွေသာ ကုန်သွားရော၊ တွေးလေစိတ်ရှုပ် လေနှင့် ခေါင်းတောင် နောက်ကျိ လာသည်။
  မှတ်မိသွားတာနှင့် စိတ်လက် ပေါ့ပါးစွာဖြင့် သူငယ်ချင်းထံ ဖုန်းကောက်ဆက်မိသည်။
            “နင်ပို့ပေးတဲ့ ခွေနားထောင်ပြီး ခေါင်းခဲနေတာ ခုမှပေါ့သွားတော့တယ်”   “ဘာဖြစ်လို့”
“သူသောက်နေကျ ကော်ဖီဘာလဲ ဆိုတာ စဉ်းစားနေတာ ခုမှမှတ်မိလို့ဟေ့” “ အလိုတော်အနှစ် (၃၀) ကြာ တောင် မပြောင်းလဲပဲရှိ နေအုံးမှာဆို” “အေးလေ.. လ္ဘက်ရည်ဆိုင် ထိုင်မိရင်များ သောအားဖြင့် သူ့ နက်စ် ဘလက် ထဲငါ ကိုယ်တိုင် သံပုရာသီး ညှစ်ပေးနေကျ၊ မလုပ်ပေးရင်လဲ ပေတေတေ အပြုံးနဲ့ငါ့ကို စောင့်နေ တာတောင်သတိရလာတယ်”  “အံမယ်..  တော်ပါ ၊ ဓါတ်ပြားဟောင်းတွေ” “အေးပါ..ခွေပို့ပေးတဲ့ နင့်ကို ကျေးဇူးတင်ပါတယ်။
  တကယ်တန်းတော့ သူငယ်ချင်းရဲ့အလိုက်သိမှုကို ကျေးဇူးတင်ပေမယ့်၊ အတိတ်ကိုအစ ဖော်ပေးလို့ ကျေး ဇူး မတင်ချင်ပြန်ဘူး။ စိတ်ဆိုတာကလဲ ဖမ်းရခက်သားလား၊ လိုက်လို့မမှီ၊တားလို့မရပြန်တော့ ဟိုး အတိတ် ဆီကို ရောက်သွားခဲ့တယ်။
ငယ်ငယ်ကတည်းက ပေါင်းခဲ့တဲ့ သူငယ်ချင်းက ဘယ်နေရာမဆို တိုင်ပင်လို့ရသလိုဒီဏ္ဍမှာလဲ ကိုယ်တိုင် ကိုယ်ကျပါဝင်သေးတယ်။
သိတတ်တဲ့အရွယ် ကစပြီး၊ ခုထက်ထိ အချစ်ဆိုတာ ဒီလိုပါပဲလို့ခွဲခြားရှင်းပြဖို့ခက်နေပါသေးတယ်၊ 
ဒါပေမယ့် ဘ၀တကွေ့တွေမှာ  ဆုံစည်းခဲ့တဲ့ လူတွေထဲမှာတော့ သူက အမှတ်အထင်ဆုံးနဲ့ အဓိက အကျဆုံးလဲ ဖြစ်ခဲ့တာပဲ။
တယောက်ကို တယောက်ကြည့်တာနဲ့ တင်ဘာပြောချင်သလဲ ဆိုတာ ရိပ်မိလောက်အောင် တကယ်ပဲ စိတ်ချင်းနီး စပ်ခဲ့ကြတယ် (၀န်ခံခဲ့ကြတယ်) ။ လူတွေရဲ့စိတ်၊ အရိပ်အကဲဟာ ဘယ်လို ရှိတတ်တယ်၊ ယောင်္ကျားလေးတွေရဲ့စိတ်ဘယ်လိုရှိတတ်တယ် ဆိုတာတွေ ပြောပြတတ်တော့ သူငယ်ချင်းလိုရော အကို တယောက်လိုပါ တွယ်တာခဲ့ရတယ်။
  စာကောင်းတွေ ညွန်းတတ်သလို၊  စာတစ်အုပ်ဖတ် ဖြစ်ရင်တော့ အတူ ဝေဖန် ကောက်ချက်ချလို့ စိတ်တူ ကိုယ်တူ ရှိခဲ့ကြတယ်၊ အမြင်တွေတူခဲ့ကြတယ်။
မျက်နှာညိုရင် မနေတတ်ဘူး၊ စိတ်မကောင်းဖြစ်မှာ မလိုလားဘူး၊ ဆိုတဲ့စကားတွေနဲ့ ကိုယ့်ကိုယ်တန်ဖိုးထား ပါတယ် ဆိုတဲ့စကားတွေ အပေါ်မှာ ကိုယ်ကြည်နူးခဲ့ရတယ်၊ သူ့အကြိုက်၊ ကိုယ့်အကြိုက် အထူးပြုပြင် လိုက် လျောစရာ မလိုအောင် စိတ်တူ၊ အတွေးတူ၊ အကြိုက်တူ ခဲ့ရတဲ့ ပီတိက ဘာနဲ့မှလဲလို့မရခဲ့ပါဘူး။
 ဒါ့ကြောင့်လဲ ဘယ်သူတွေမှ ထပ်ပေါင်းသင်းရင်းနှီး လို့မရလောက်အောင်ပဲ နှစ်ယောက်ထဲ သီးသန့်လုံ
လောက်ခဲ့တယ်(ထင်ခဲ့တယ်)။
“လောကကြီးမှာ ဘယ်အရာမှ မမြဲဘူးဆိုတဲ့စကားက အတည်မြဲဆုံးပါပဲ”တဲ့
   တကယ်တန်း ဝေးကြတော့ ဘယ်လိုအကြောင်းပြချက်မှ လက်ခံလို့မရအောင်ဖြစ်ခဲ့တယ်၊ “ဘယ်လိုမှမဖြစ်နိုင်ဘူး၊ ဒီမရေရာတဲ့ အကြောင်းပြချက်ကိုငါမယုံ ဘူး၊” “အဲ့ဒီတော့ငါဘာလုပ်ပေးရမှာလဲ” “ငါ မသိဘူး၊ ဒါပေမယ့် ဒီ့ထက်ခိုင်လုံတဲ့ အကြောင်းပြချက်ရချင် တယ်”     “အေးပါ..ငါမေးပေးပါ့မယ်၊”
ညှဉ်းလို့ရတဲ့ သူငယ်ချင်းကို ဂျီချရပေမယ့်  အဖြေရနိုင်မယ် ဆိုတာ မသေချာလှပါဘူး။
မနက်ခင်းတွေမှာ လမ်းတ၀က်ထိ လိုက်ပို့ပေးသလို၊ ညနေခင်း အလုပ် ဆင်းချိန်တွေမှာ လာကြို ပေးနေကျ အိမ်ဝိုင်းရှေ့မှာ ပေါ်လာနေကျမို့၊ ဘယ်နေရာက ဘွားကနဲ ပေါ်လာမလဲလို့ စောင့်ရတာ အမောပါပဲ၊ ရိပ်ကနဲ တွေ့လို့မော့ကြည့်မိရင် တွေ့နေကျက ရှောင်ပုန်းတော့လဲ အငွေ့ကို လိုက်ဖမ်းရ သလိုပါပဲလား။
မပေးပဲ ယူခဲ့တဲ့ တာဝန်တွေ ခုလိုကျင့်သား ရခါမှ ရုတ်တရက် ထွက်ခွာ သွားရတာလဲ။
မြင်တွေ့နေကျ လူတွေက မေးကြတယ်၊ တယောက်ထဲလားတဲ့၊ သူတို့တွေကို ဘာပြန်ပြောရမှာလဲ၊ ကိုယ်တိုင်တောင် မသိတဲ့အဖြေကို ဘယ်လို ရှင်းပြရမှန်းမသိဘူး၊ တစိမ်းတွေကို မဖြေချင်လို့ ပြုံးပြလို့
ရပေမယ့်၊ ရှောင်လွဲလို့ မရနိုင်တဲ့ မောင်နှမတွေက မေးတော့ ဘာပြန်ပြောရမှာလဲ။
  အရင်က တယောက်ထဲ နေခဲ့တာပဲ၊ ခုလဲ ဘာဖြစ်သေးလဲလို့ အားတင်းခဲ့ပေမယ့် နေမပျော်ပါဘူး။ စားလဲဒီစိတ်၊ သွားလဲဒီစိတ်နဲ့ အတွေးတွေ ယောက်ယက်ခတ်လို့၊ ရင်ထဲမှာလဲတနုံ့နုံ့နဲ့ စိတ်ထဲက နံရံကို ထိုးမိတဲ့ လက်သီးပေါင်း မရည်တွက်နိုင်ခဲ့ဘူး။
ရနိုင်သမျှ၊ ဖြစ်နိုင်ချေရှိသမျှ နည်းလမ်းရှာလို့အချက်အလက်တွေစုလို့သူငယ်ချင်းနဲ့နှစ်ယောက်သား အချိန်တွေ ကုန်ခဲ့တယ်။
“အချိန်ဆိုတာ အကောင်းဆုံးသမားတော်” ဆိုတာကိုတော့ တည်ငြိမ်လာတဲ့အချိန်မှာ လူတိုင်းလက်ခံ ရတာ ပါပဲ။
ဘာပဲပြောပြော တချိန်တုန်းက အဖြေရှာ ကြိုးစားခဲ့ တာတွေကို နင်နဲ့ငါ၊ သူကလွဲရင် ဘုရားမှသိနိုင် တော့
မှာပါပဲ။
ဒါနဲ့တောင် မှတ်ချက်ချခံရတဲ့ စကားတွေကို ကြည့်ပါအုံး၊ “အသဲနှလုံး မရှိတဲ့မိန်းမ” တဲ့ ဘယ်လောက် အပြင်ပန်းကြည့်ပြီး ကောက်ချက်ချ လိုက်တဲ့စကားလဲ။
“ယောင်္ကျားတွေကို စိတ်နာနေတဲ့ရုပ်”  တဲ့ အိုး..ဟိုး ဘယ့်နှယ် ပြောလိုက်ပါလိမ့်၊ ကိုယ်ချစ်ခဲ့တဲ့ ယောင်္ကျား တွေပါ ကုန်တော့မှာပေါ့၊ နာကျည်းလောက်အောင်၊ ပြန်မစဉ်းစားနိုင်အောင် ကြုံခဲ့တဲ့ နောင်တ ရစရာ မှမရှိခဲ့ တာပဲ၊ ဘာကြောင့် စိတ်နာရ မှာလဲနော့်။
“စစ်ထွက်တိုက်မဲ့ရုပ်” တဲ့ ဟား..ဟား..ဟား..ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ အော်ရယ်မိတယ် ၊သတိရတိုင်း လဲပြုံးမိတာပဲ။
ဒါတွေ နင့်ကို နောက်တခါ ဖုန်းဆက်ရင် ပြောပြရအုံးမယ်။ နောက်ပြီး ကော်ဖီသောက်တိုင်းလဲမလွမ်းတော့ ဘူး  ဆိုတာကောပေါ့။                                                                                                   

0 comments:

แสดงความคิดเห็น

จำนวนการดูหน้าเว็บรวม

 
Copyright (c) 2010 ပိတောက်. Design by WPThemes Expert

Themes By Buy My Themes And Web Hosting Reviews.