วันอาทิตย์ที่ 20 พฤศจิกายน พ.ศ. 2554

အနံ့


              အလယ်တန်း တုန်းက ဆရာမတစ်ယောက်က အနံ့တွေနဲ့ပတ်သက်ပြီး မွှေးတဲ့ အနံ့နဲ့ နံတဲ့အနံ့ ဘယ်ဟာကသန့်ရှင်းတဲ့ အနံ့လဲလို့ကျောင်းခန်းထဲမှာမေးဖူးတယ်။ ကောင်းကောင်းမှတ်မိတာကတော့တတန်းလုံးနီးပါးအမွှေးနံ့လို့အော်ကြတာမှတ်မိတယ်၊ ဆရာမက ဘာအနံ့မှမရှိတဲ့ အနံ့ကမှသန့်ရှင်းတဲ့အနံ့၊ လတ်ဆတ်တဲ့အနံ့လို့ အဖြေပေးခဲ့တာလဲမှတ်မိနေသေးတယ်။ 

            ၁၉၈၉ - ၁၉၉၀ လောက်တုန်းက ရေမွှေးဘောလ်ပန် ဆိုတာတွေပေါ်ပါတယ်၊  နှင်းဆီနံ့၊ စံပယ်နံ့ တွေတော့ကောင်းကောင်းမှတ်မိပါတယ်၊ တခြားအနံ့တွေတော့ မသုံးခဲ့လို့မမှတ်မိတော့ပါဘူး၊ ဒီနှစ်မျိုးကလဲလူသုံးများခဲ့တယ်ထင်ပါတယ်။

           လူတိုင်းကအနံ့ဆိုးတွေကိုမနှစ်သက်ပါဘူး၊ ရေမြောင်းပုတ်နံ့၊ အညစ်အကြေးနံ့၊ အသားပုပ်နံ့၊ ဟင်းရွက်ပုပ်နံ့၊ စသည်ဖြင့်ပေါ့၊ ဒီအနံ့တွေက ကျန်းမာရေးနဲ့မညီညွတ်ဘူးဆိုတာလဲသိကြပါတယ်။
            နောက်တစ်မျိုးက သဘာဝအပင်ကအနံ့ ညမွှေးပန်းနံ့၊ ယုဇန ( တချို့ကတော့ အရမ်းကြိုက်ကြပါတယ်)၊ ဆောင်းတွင်းမှာပွင့်လေ့ရှိတဲ့ သဘာဝပင်မြင့်ပန်း (ချင်းမိုင်မှာသာတွေ့ဖူးတာပါ)၊ အဆုပ်လိုက်ပွင့်ပါတယ်၊ အနံ့တွေစူးရှလွန်းတာကြောင့် အရမ်းကိုစိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။  

               မကောင်းတဲ့အနံ့ကလူကိုစိတ်အနှောင့်ယှက်ပေးနိုင်သလို မွှေးတဲ့အနံ့တွေကတော့ လူကိုစိတ်ကြည်နူးစေပါတယ်၊ ခုခေတ်မှာတော့ အမွှေးနံ့သာနဲ့လုပ်တဲ့ဖယောင်းတိုင်တို့၊ ပန်းပေါင်းစုံတွေနဲ့ရေချိုးတာတို့၊သဘာဝအသီးနံ့နဲ့လုပ်တဲ့ အဝတ်ဗီဒိုထဲထည့်တဲ့ အမွှေးတုန်းခဲတို့၊ အခန်းထဲဖျန်းတဲ့ဆေးတို့၊ ကားထဲထည့်တဲ့ရေမွှေးခဲတို့၊ စပါးလင်နဲ့လုပ်တဲ့ခြင်နှင်ဆေးတို့၊ မန်ကျည်းသီးဆပ်ပြာ၊ သဘောင်္သီးဆပ်ပြာ၊ ပျားရည်နဲ့လုပ်တဲ့ဆပ်ပြာ စသည်ဖြင့် အမျိုးစုံလင်အောင်ထုတ်လုပ်ကြပါတယ်၊ အနံ့လေးကသင်းရုံလေးနဲ့အာနိသင်လဲရှိတာမို့ လူကြိုက်များပါတယ်။

           တချို့တွေက ပန်းပွင့်တွေနဲ့ ပန်းရနံ့တွေနဲ့ မုန့်လုပ်တယ်၊ အဖျော်ရည်လုပ်ပါတယ်၊သင်းရုံလေးပဲဆိုရင်စားလို့ကောင်းပေမဲ့ ၊ များလွန်းရင်လဲ မုန့်အရသာပျက်စေပါတယ်။ 

             တခါတလေမှာလူတွေကထွက်တဲ့ချွေးနံ့၊ ဆိုးရွားတာကသူတို့ကိုယ်၌က သူ့အနံ့ထွက်မှန်းမသိပဲ ဘေးကလူတွေမှာ ခေါင်းကိုက်မတတ်ခံစားရတာပဲ၊ ဒီလိုကိစ္စမျိုးက ပြောတော့လဲ သူရှက်သွားမလားပဲ လို့အားနာနေတာနဲ့ပဲ ပြောမထွက်ကြဘူး၊ အဲ့ထက်ဆိုးတာက အမွှေးနံ့သာတွေသုံးဖို့တားမြစ်ထားတယ်ဆိုတဲ့တယူသန်ဘာသာရေးသမားတွေပါ။
                
            အနံ့အသက်ကြိုက်တဲ့လူတွေထဲမှာထူးထူးခြားခြား ဓါတ်ဆီနံ့ကြိုက်တဲ့သူကိုတွေ့ဖူးသလို၊ ကိုယ်တိုင်မသောက်ပဲဆေးလိပ်နံ့ကြိုက်တယ်ဆိုတဲ့လူတွေလဲတွေ့ဖူးပါတယ်။
                     
                ဆေးလိပ်ကိုသောက်သူက အငွေ့ကိုမှုတ်ထုတ်ပေမဲ့ ဘေးကလူတွေက မသောက်ပဲ မထင်မှတ်ပဲရှုမိတတ်တယ်၊ ရှောင်မရအောင် ဆေးလိပ်သောက်သူတွေရှိတဲ့ဘေးပတ်ဝန်းကျင်မှာနေရတာဆိုးပါတယ်။ ဆေးလိပ်ကကျန်းမာရေးကိုထိခိုက်စေနိုင်ပါသည်ဆိုလဲမမှု၊ မိခင်ဆေးလိပ်သောက်ရင်မွေးလာမဲ့ကလေးကအဂါင်္မစုံဖြစ်တတ်တယ်ဆိုလဲမကြောက်၊ စီးကရင်ဗူးတွေမှာ သွားတွေပျက်ဆီးတဲ့ပုံတွေအဖုံးမှာပြထားလဲမကြောက်။ သောက်သူသာဖြစ်ရင်ဘာအရေးလဲ၊ တချို့များကားတဖက်မောင်းပြီး လက်တဖက်ကအပြင်ထုတ်ပြီးကားမောင်းသေးတာ၊ ဆိုင်ကယ်မောင်းသူတချို့ကလဲ မောင်းရင်းတန်းလန်း လက်ထဲစီးကရက်နှင့် ၊ တလမ်းထဲသွားရမယ်၊ ကိုယ့်ဆိုင်ကယ်ကသူတို့ နောက်မှာဖြစ်နေမယ်ဆိုရင်တော့ စီးကရက်နံ့ရှုပြီးလိုက်ပေရာ့၊ ခေါင်းနောက်ပေရော့၊ ဘေးပတ်ဝန်းကျင်ကိုဂရုစိုက်ရမှန်းမသိတတ်တဲ့၊ မလေးစားတဲ့လူတွေရှိသရွေ့တော့ရောဂါလဲရမှန်းမသိရနိုင်တာပဲ။
            
           အနံ့ကလူတွေရဲ့စိတ်ကို၊လူကိုလန်းဆန်းစေတယ်၊ စိတ်ညစ်ညူးစေတယ် ဆိုရင် အနံ့ရဲ့လူတွေအပေါ် သြဇာသက်ရောက်မှုကြီးပါတယ်။
  သင့်အနေနဲ့ရော ဘယ်လိုအနံ့တွေနဲ့ ကိုယ့်ပတ်ဝန်းကျင်ကလူတွေကိုသြဇာသက်ရောက်စေမှာလဲ။

วันจันทร์ที่ 14 พฤศจิกายน พ.ศ. 2554

အတုံ့အလှည့်


                                   အတုံ့အလှည့်
              
            တခါက အိမ်တစ်အိမ် မှာ အဖေရယ်၊အမေရယ်၊ သားတစ်ယောက် ရယ်အဘွား ရယ်နေထိုင် ကြတယ်။အဘွားကတော့ အိုမင်း အားနည်း ပြီဖြစ်လို့ ဘာကိုင်ကိုင်လက်မမြဲလှဘူး။ လက်ကတုန် နေတာကြောင့် ပစ္စည်းတွေကိုင်ဖို့ခက်ပြီး ခဏခဏလဲ လွတ်ကျ တတ်တယ်။
            အထူးသဖြင့် မိသားစုတွေထမင်းဝိုင်းစားချိန်မှာ ထမင်းပန်ကန်ကိုင်ဖို့တောင် ခဲယှဉ်းလှပါတယ်။ လက်ကတုန်နေတာကြောင့် ထမင်းတွေက အမြဲတမ်းစားပွဲမှာ ပြန့်ကျဲလေ့ရှိတယ်။ ဒါကြောင့်ချွေးမကအ ဘွားကြောင့်စိတ်ရှုပ်လေ့ ရှိတယ်။ သီးမခံနိုင်တာကြောင့် ခင်ပွန်းဖြစ်သူနဲ့ တိုင်ပင်တယ်၊ရှင့်အမေ ထမင်းစားတာ ပွကျဲနေတာပဲ၊ ထမင်းတောင်မျိုမကျဘူး၊ သီးမခံနိုင်တော့ဘူးလို့ဆိုတယ်။ သူ့အမေ လက်တုန် တာသူကလဲ ဘာမှမတတ်နိုင်ဘူးလေ။ ရက်အနည်းငယ် အကြာမှာတော့ သူ့ခင်ပွန်းကို ထပ်ပြောပြန်ရောတဲ့ရှင်ဘာမှ မလုပ်တော့ဘူးလား၊ ဖြေရှင်းဖို့ မကြိုးစားတော့ဘူးလား၊ ကျမ တကယ်ပဲ သီးမခံနိုင်တော့ဘူးလို့ ရန်တွေ့သတဲ့။
            ဒီမှာတင် ခင်ပွန်းသည်က သူ့မိန်းမကို လိုက်လျောပြီး ထမင်းစားချိန်ရောက်တော့ သူ့အမေကို တခြားစားပွဲမှာ စားစေတယ်၊ အဘွားကပန်းကန် ခဏခဏ လုပ်ခွဲတဲ့ အကြောင်းပြချက်နဲ့ အပေါစားတွေနဲ့ထည့်ကျွေးတယ်၊ ထမင်းစားဖို့ရောက်လာတဲ့ အဘွားက အရမ်းဝမ်းနည်းသွားတယ်၊ အဘွား ကိုယ်၌ ကမှ သူ့လက်တွေမတုန်အောင် မထိန်းနိုင်တာ ဒီကိစ္စကို ဘယ်လိုရှင်းရမှာတဲ့လဲ။ အရမ်းပူဆွေးတဲ့ အဘွားက အတိတ်ကို သတိရသွားတယ်၊ သူ့သားကို မငြီးမငြူ စောင့်ရှောက်လာရတာ၊ နေမကောင်းချိန်မှာ ပြုစုလာရတာတွေ၊ သားရဲ့ပြဿနာတိုင်း ကူညီဖြေရှင်း ပေးခဲ့တာတွေကို ပြန်သတိရပြီး ခုလို မသန်စွမ်းချိန်မှာ စွန့်ပစ်ခံရတဲ့အတွက် အရမ်းဝမ်းနည်းမိတယ်။
              ရက်တွေကြာသွားလဲ အဘွားမှာတော့ ပူဆွေးလျက်ပဲ၊ မျက်နှာပေါ်မှာ အပြုံးတွေလဲ ပျောက်ကွယ်ခဲ့ပြီ၊ အဘွားကို စောင့်ကြည့်နေမိတဲ့  မြေးက အဘွားကိုလာနှစ်သိမ့်ရှာတယ်၊ အဘွားကို အဖေနဲ့ အမေ ဒီလို လုပ်လို့ အဘွားစိတ်ဆင်းရဲနေတာ မြေးသိပါတယ်၊ ဒါပေမယ့် စိတ်မပူပါနဲ့ အဘွားရယ်၊ မြေးလေးမှာ အဘွားမြေးတို့နဲ့ အတူထမင်းတဝိုင်းထဲ ပြန်ထိုင်စားနိုင်မယ့် နည်းရှိပါတယ်အဘွားရဲ့ စိတ်ထဲမှာ မျှော်လင့်ချက်လေးတောက်ပသွားတယ်၊ မြေးလေးကိုဘယ်လိုလုပ်ရမလဲလို့အားတက် သရောမေးလိုက်တယ်၊ဒီနေ့ ညစာစားချိန်မှာ ထမင်းပန်ကန် ကို လွတ်ချလိုက်သိလားနားထောင်နေတဲ့ အဘွားအံ့အားသင့်သွားတယ်၊ မြေးလေးက ထပ်ပြောတယ်။မြေးပြောသလိုလုပ်ပါ၊ ကျန်တာမြေးတာဝန်ထားလို့ထပ်ပြောတယ်။
              ညစာစားချိန်ရောက်တော့ မြေးလေးဘာအစီစဉ်ရှိမှန်း မသိပေမယ့် ပြောသလိုလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်၊ ထမင်းပန်းကန် ကိုမ ပြီး မသိမသာလွတ်ချလိုက်တယ်၊ ချွေးမက ဆူဖို့ထလိုက်တာ သူ့အရင်သူ့သားလေးက ထလာပြီးအဘွား ဘာလို့ပန်းကန်တွေလုပ်ကွဲ ပြန်ပြီလဲ၊ အမေ အသက်ကြီးလာရင် အမေ့ကို အဲ့ပန်းကန်နဲ့ ထည့်ကျွေးမလို့ပါဆို၊ အဘွားလုပ်ခွဲတော့ အမေဘာနဲ့စားရမှာလဲ၊ အသုံးကိုမကျဘူးလို့ထပြောလိုက်တယ်၊ သားရဲ့စကားကြောင့် အမေမှာ မျက်နှာပျက်သွားပြီး ဘာမှပြောမထွက်နိုင်တော့ဘူး။
              သူမရဲ့လုပ်ရပ်က သူ့သားကို နမူနာ ဖြစ်စေခဲ့ပြီ၊ သူလုပ်သလို သူ့ကိုပြန်လုပ်တော့မယ်ဆိုတာ သိပြီး အရမ်းလဲ ရှက်၊ နောင်တလဲရလိုက်တယ်။ အဲ့ အချိန်လေးက စပြီး အဘွားဟာ မိသားစုနဲ့ ထမင်းတူတူ ပြန်ဝိုင်းစား လာရတော့တယ်။
                                           www.tamdee.multiply.com

วันศุกร์ที่ 11 พฤศจิกายน พ.ศ. 2554

မျက်ဝန်း


                                    မျက်ဝန်း
သူ့အနေနဲ့ ဘယ်အချိန်လောက်ကစပြီး ဒီအကျင့်စွဲလာတာသူကိုယ်တိုင်တောင် မမှတ်မိနိုင်လောက်အောင်ကြာပါပြီ။
  ဝန်းစက်သော၊ ကျဉ်းမြောင်းသော၊ နက်သော၊ ညိုသော၊ ပြာလဲ့သော၊ မည်သို့သောမျက်လုံးမျိုးကိုမဆို အပြစ်ကင်းသော မျက်လုံးများကိုနှစ်သက်တာ၊ လိုက်ကြည့်နေမိတာကြာလှပါပြီ၊ ဒါ့အပြင် စူးစမ်းလိုစိတ်နှင့် ပြူးကြောင်ကြောင် သူဘာလုပ်လုပ်  လိုက်ကြည့်နေတတ်သော ကလေးများနှင့်တွေ့လျှင်တော့
သူ့စိတ်တွေပါ ရွှင်မြူးလာပြီး နှာခေါင်းရှုံ့ပြ၊ လက်လှုပ်ပြ၊ ခေါင်းစောင်းပြမိတော့သည်၊ သူ့ထံမှ ကလေးလေး၏ စိတ်ဝင်စားမှု မလျော့မချင်း သူကျေနပ်ကာ ပြုံးနေမိသည်။
ရန်လိုသော ကလေးဖြစ်စေ၊ အလိုမကျပဲ ငိုနေသောကလေးပင် ဖြစ်ပါစေ သူ့အပြုံးနှင့် စတင်နူတ်ဆက်မိသည်၊ အဲ.စိတ်ကြည်သောကလေးနှင့် တွေ့လျှင်တော့သူ့စကားနားမလည်သော ကလေးကို မြူးလာအောင် သူမြူလိမ့်
မည်။
 ဘယ်အချိန်က မှန်းမသိလောက်အောင် ကလေးလေးတွေတွေ့ရင်မရည်ရွယ်ပဲ အလိုလို ပြုံးမိတတ်တာ ကြာလှပါပြီ။
ထိုမျက်ဝန်းတွေနှင့် ဆန့်ကျင်ဖက် မျှော်လင့်ချက်ကင်းမဲ့သော မျက်ဝန်းလဲ သူကြာရှည်ရင်မဆိုင်လို ၊ ရောဂါကြောင့်ဖြစ်စေ၊ အကြောင်းကြောင်းကြောင့် စိတ်သောကရောက်နေသူ၊ ထွက်ပေါက်မရှိသူလို အရောင်မဲ့မျက်ဝန်းတွေ၊ ဘာဦးတည်ရာမှမရှိပဲ စိတ်ပျက်လက်ပျက် မျက်ဝန်းမျိုးတွေလဲ မနှစ်သိမ့်တတ်တဲ့ သူ့အတွက် မျက်နှာလွဲရုံကလွဲလို့ ။
  မျက်လုံးက ကောက်ကျစ်မှုတွေနှင့် နူတ်ခမ်းကပြုံးကာ စကားတွေချိုချိုသာသာ၊ ဝေဆာနေသော မျက်လုံးတွေကိုတော့ သူမုန်းသည်၊ အတွင်းစိတ်က လျှို့ဝှက်ချက်တွေနှင့် မရိုးသားသော မျက်လုံးများကို သူမကြိုက်။
   မျက်ဝန်းတွေက ညို့တတ်တယ်ဆိုတာ အမှန်လားတော့မသိ၊ တစ်စုံတစ်ယောက်က စိုက်ကြည့်တာ ခံရလျှင်အလိုလို လှည့်ကြည့်မိတတ်ကြတာ သဘာဝပင်။
သူ့ပိုင်ဆိုင်ခဲ့ရဖူးတဲ့ အကြည့်နက်နက်တွေ ၊ မခွဲခွာလိုတဲ့ သံယောဇဉ်မျက်ဝန်းတွေနဲ့ ၊ ပြောစရာများပြီး ပြောမထွက်တဲ့ မျက်ဝန်းတွေလဲ ကြုံရဖူးပေါင်း များလှပါပြီ။ သူဘာလုပ်လုပ် အစွမ်းကုန် အလိုလိုက်ပေးတော့မဲ့ ရယ်မြူးရိပ်သန်းနေတဲ့ မျက်ဝန်းတွေလဲ ကြုံခဲ့ဖူးပါပြီ။
  သူ့အတွက်တော့ သူ မဖတ်တတ်တဲ့ မျက်ဝန်းတွေကလွဲရင် မျက်ဝန်းဆိုတာ နှလုံးသားရဲ့ တံခါးပေါက် ဆိုတာကိုတော့ သူအကြွင်းမဲ့ လက်ခံသည်။
 ဒီနေ့တော့ သူ့ဘဝမှာ မျက်ဝန်းတွေနှင့် ပတ်သက်ပြီး သူအရမ်း ကြေကွဲရသော နေ့တစ်နေ့၊ ကားထွက်ခါနီးထိ မခွဲခွာလိုပဲ မျက်စိအောက်က ပျောက်သွားမှာစိုးတဲ့ အကြည့်တစ်စုံ၊ ဘာကိုမျှ မျှော်လင့်ချက် သိပ်မထားတော့သော မျက်ဝန်းအကြည့်တွေကြောင့် သူ့စိတ်တွေပါ လေးလံထိုင်းမှိုင်းသွားပြီး ဒီအကြည့်တွေရဲ့ စိုးမိုးမှုကို ခံရလျှက်ရှိသည်။
  သူ့အနေနှင့် ပထမဆုံးမဟုတ်ပဲ အကြိမ်ကြိမ် ခွဲခွါဖူးပါလျှက် ဒီတကြိမ်လောက် စိတ်ထိခိုက်တာမရှိ၊ ခွဲခွါချိန်တိုင်း ဒီမျက်ဝန်းတွေနှင့် ကြုံဖူးပါလျှက် ဒီနေ့အကြည့်လောက် သူ့ကို စိတ်ထိခိုက်စေတာမရှိ။
 မျက်ဝန်းနက်တွေက ဖျော့ပြီး အညိုရောင်ဖက်လုကာ၊ အားငယ်မှုတွေပါ ရောလျှက်ရှိသော မျက်ဝန်းတစ်စုံ၊
ဒါဟာ အသက်ကြီးမှုကြောင့် ဖြစ်တည်ခဲ့တာလား၊ ဘာကြောင့်လဲ သူမသိ၊ သူသတိထားမိ ချိန်မှာတော့ ဒီမျက်ဝန်းတွေ မွဲပြာခဲ့ပြီ။
  ဆုံဆည်းချိန်တိုင်း ပျော်သွားတဲ့မျက်ဝန်းတွေနှင့် ခွဲခွါလာတိုင်း မခွဲနိုင်မခွာရက် ငိုမယောင်မျက်ဝန်းတွေ သူ
တွေ့ရက်နဲ့ နေရာသစ်မှာ အပေါင်းသင်းသစ်တွေနဲ့ သူပျော်ခဲ့ပြီ၊ နေသားကျခဲ့ပြီ။
ကျန်ရစ်ခဲ့သူသာ ပျော်လိုက်၊ ဝမ်းနည်းလိုက်နှင့် ဒီဒဏ်တွေကို မရိုးနိုင်အောင် အကြိမ်ကြိမ် ခံစားခဲ့ရပြီလား “နင်လာတာပျော်လို့ နင့်အဖေ ထမင်းတောင် မစားနိုင်တော့ဘူး” ဆိုတဲ့စကားကို ကျေနပ်စရာ၊         ကြည်နူးရုံကလွဲပြီး အလေးအနက် မထားခဲ့မိဘူး။
  ဒီတွေ့ဆုံ၊ ကြုံကွဲ ဆိုတာကို ခံရဖန်များတော့ စိတ်နှလုံးတွေက တစ်ဆင့် မျက်ဝန်းတွေကို မှိန်ဖျော့စေခဲ့ သလား၊သူမသိ၊ သွယ်ဝိုက်သောနည်းနှင့် သူနှိပ်စက် မိလေသလား၊ သူ့ကိုသူမလုံ၊ သူ့ရင်ထဲ တစ်နေရာမှာတော့ မှိန်ဖျော့ဖျော့နဲ့ မခွဲနိုင်တဲ့ ကြေကွဲမှုတွေနဲ့ မျက်ဝန်းတစ်စုံက တွဲခိုလျက်။

จำนวนการดูหน้าเว็บรวม

 
Copyright (c) 2010 ပိတောက်. Design by WPThemes Expert

Themes By Buy My Themes And Web Hosting Reviews.