ခုခေတ်မှာ
ကြီးတဲ့ ကလေးတွေကြားထဲမှာ မျက်စောင်းထိုးတာ ခေတ်စားပါ့မလား မသိပါဘူး၊ ကျမ တို့ခပ်ငယ်ငယ် ဆယ်ကျော်သက်အရွယ် အပူပင်တွေ ကင်းဝေးသေးတဲ့ အရွယ်မှာတော့ မျက်စောင်း ထိုးတာ ခေတ်စားပါတယ်။
သူငယ်ချင်းတွေ ကြားမှာတောင် မျက်စောင်းထိုးပြီးလှည့်ရတာ၊ ကြော လိုက်ရတာကို တောင် ကျေနပ်ပါတယ်။ တခြားကြည့် လို့မရတဲ့ သူဆိုရင်တော့လား သူ့အကြည့်ကို စောင့်ပြီး မျက်စောင်းထိုးဖို့
ချိန်ထားရသေးတယ်။
ကျမ တို့အိမ်နဲ့မျက်စောင်းထိုးမှာ ကျမနဲ့ မတည့်တဲ့ ကောင်မလေးတစ်ယောက်နဲ့ ကျမအပြိုင်
မျက်စောင်းထိုင်ထိုးတာ နေရာက မထကြပါဘူး၊
သူ့အလှည့်၊ ကိုယ့်အလှည့်လိုပဲ သူမြန်သူမျက်စောင်း ထိုး၊ ကိုယ်ခံပေါ့၊ ဒီတစ်ခါတော့ ငါ့ အလှည့်ပဲလို့ တေးထားတုန်းရှိသေးတယ်၊ ကိုယ့်ထက်သူကမြန်ပြီး ထပ်ခံလိုက်ရရင်တော့ မကျေမနပ်တွေဖြစ်လို့၊ ခုပြန်တွေးရင် ခုရယ်ချင်တုန်းပဲ၊ ခုချိန်မှာတော့ ဘာမှ အဓိ`ါယ်မရှိတဲ့ လုပ်ရပ်ကြီးပါပဲ။
လူ့ဘဝသက်တမ်း တဝက်ကို ကျော်ဖြတ်လာတဲ့ အချိန်မှာတော့ မျက်စောင်းလေးနဲ့ မဟုတ်ပဲ အမူအရာနဲ့ရော၊ စကားနဲ့ပါ မခံမရပ်နိုင်အောင်၊ မေ့လို့မရအောင် ၊ ခံရခက်အောင် ကြောသွား တာ တွေ၊ ခံရတာတွေ အများကြီးမှ အများကြီးပါ။ အမူအရာတွေက မကြည့်ပဲနေရင် ရပေမယ့်၊ ပိဿာ လေး ဘေးပစ် ဆိုသလို စကားလုံးတွေက တစ်ခါတစ်လေမှာ လူကို တဆစ်ဆစ်နဲ့ စိတ်နာစေတတ် တာ ရှိပါတယ်။
ယေရှုခရစ်တော် ကိုတပည့်တော်တွေက ဘယ်နှစ်ကြိမ် ၊ ဘယ်နှစ်ခါ ခွင့်လွှတ်ရမလဲလို့မေးတော့၊ “ခုနှစ်ဆယ်ခုနှစ်လီ” (ရှင်မဿဲခရစ်ဝင် ၁၈း၂၂) တဲ့၊ သဘောက အမြဲပဲ ခွင့်လွှတ်လို့ ဆိုလိုတာပါ။
စိတ်ထိန်းထားမယ်လို့ ကိုယ့်ကိုယ်ကို သတိထားပြီနေတယ်၊ နှုတ်ပိတ်ထားတယ် ဆိုရင်တောင်လာ
ဆွ
တဲ့ လူတွေကို လူတွေကြားထဲ နေတဲ့လူပဲမို့ ကြုံလဲကြုံဖူး
ကြမှာပါ။ ယေရှုခရစ်တော်က “ ကိုယ့် ပါးတစ်ဖက်ချရင်၊ နောက်ပါးတစ်ဖက်ကို ထိုးပေးလိုက်ပါ” (ရှင်မဿဲခရစ်ဝင် ၅း၃၉)
တဲ့။
ဒီတစ်ခါပဲ ငါသီးခံမယ်၊ နောက်တစ်ခါတော့ ငါ့အလှည့်ပဲလို့
အကွက်ချောင်းဖူးကြမှာပါ။ ပြောတဲ့လူက ဘာမှ မခံစားရပေမယ့် ခံရတဲ့သူက ဘယ့်နှယ့်လုပ်ပြီး ကျန်တဲ့ပါးတစ်ဖက်ကို
ထိုးပေး နိုင်ပါ့မလဲ၊ ကိုယ့်ကိုယ်ကို နင်းပြီး အမြင့်ကို တက်သွားတဲ့ လူတွေကို တချို့တလေ
ကြုံဖူးကြမှာပါ။ မျက်နှာဝင်ယူတဲ့ လူတွေ၊
သူ့စကားအရှုပ်က ကိုယ့်နှုတ်က ထွက်သယောင် ပြောတတ်သူတွေလဲ ရှိတာပါပဲ။
ဈေးလာဝယ်တဲ့ အထဲမှာ ပစ္စည်းကိုင်တွယ်တာ စည်းကမ်းမရှိတဲ့
လူမျိုး (၂) မျိုးရှိပါတယ်။ လူတစ်ယောက်ရဲ့ အကျင့်ကို လူမျိုးနဲ့ချီပြီး မရှုတ်ချရဘူးလို့
ဆိုပေမယ့် များသောအားဖြင့် ဒီလူမျိုး တွေအားလုံးက တူတူပဲလို့ ဈေးသည်များက မှတ်ချက်ချတာ
ခံရပါတယ်။ ပစ္စည်းကိုင်တယ်၊ ပစ်ချ တယ်၊ တန်ဖိုးမရှိ
သလိုပါပဲ၊ အဲ လိုချင်ပြီဆိုရင်လဲ ဈေးမတန်တဆ ဆစ်ပါတယ်၊ ဒီမှာ ဈေးသည် ကျမ က ဈေးပိုတင်တဲ့နည်းနဲ့
တုန့်ပြန်ပါတယ်၊ နောက်ဆုံးတော့လဲ ရောင်းနေကျ ပုံမှန် နှုန်းရတာပါပဲ၊ ဒါတောင် ပိုက်ဆံကို
ပစ်ချပေးလို့ ကျမကကျေးဇူးတင်ပါတယ် လို့ ဈေးဝယ်တွေကို ပြောနေကျ စကားတောင် သူတို့အတွက်
မထွက်ပါဘူး၊ ဟန်ဆောင်မပြုံးတတ်တဲ့ ကျမက သူတို့ တွေကို စကားစမြည် မပြောမိပါဘူး၊ ဒါက
ခွင့်မလွှတ်တဲ့ လုပ်ရပ်ပါ။
ကိုယ့်နဲ့ရင်းနှီးဖူးသူတွေ ပိုက်ဆံချေးပြီး
ပြန်မဆပ်တဲ့အပြင် ကိုယ်ယောင်ဖျောက်သွားတာ ကြုံဖူးတယ်၊ လိုရင်ငိုယိုလို့ အဝေးကြီးက ငွေလှမ်းပို့ရတာတောင်
လုပ်ရက်လေခြင်းလို့ တနုံ့နုံ့ ဖြစ် ဖူးပါတယ်၊ တွေးမိတိုင်း စိတ်ဆိုးလွန်းလို့ပါ။
ဒါပေမယ့်ဘုရားရှင်က
(ရှင်လုကာ ၆း၃၀) “ အကြင်သူသည် သင့်ကိုတောင်း၏၊ ထိုသူအားပေးလော့၊ သင့်ဥစ္စာကို သိမ်းယူသောသူအား
ပြန်၍ မတောင်းနှင့်” တဲ့ “သူတပါးအား ဥစ္စာချေးငှားသောအခါ
ဆပ်ပေးလိမ့်မည်ဟု မျှော်လင့်လျှက် ချေးငှားလျှင် အဘယ်ကျေးဇူးတင်သနည်း” တဲ့။ “ကိုယ့်ကိုယ်
စောင်လာပေါင်ထားရင်တောင် မိုးမချုပ်မှီပြန်ပေးရမည်” ( ထွက်မြောက်ရာကျမ်း ၂၂း၂၆)
Forgive not forget တဲ့ ၊ များသောအားဖြင့် ခွင့်လွှတ်တယ်
ဆိုပေမယ့် တိုက်ဆိုင်မှုတွေ ကြုံလာ ရင် ပြန်ပေါ်လာတတ်ပါတယ်၊ ကိုယ့်ကိုယ်ထိခိုက်အောင်
လုပ်ထားခဲ့သူကို မတွေ့ရင် မေ့နေတတ်ပေ မယ့် စကားကြုံရင် သူ့အကျင့်က အဲ့လိုပဲလို့ ခံရသူချင်းတွေ
ကြားထဲမှာ ပြောတတ်ပါတယ်၊ အဲ့ဒီတော့မှ မကျေနပ်တာတွေ၊ ခံခဲ့ရတာတွေ တပုံကြီးက ပေါ်လာပြန်ပါတယ်၊
နောက်တစ်ခေါက် မကြုံရအောင် သတိထားရမယ်လို့ အချင်းချင်းသတိပေးရင်း သူ့ကို ခပ်တန်းတန်း
သတိနဲ့ပဲ ဆက် ဆံပါတယ်၊
ယေရှုခရစ်တော် ကတော့ သူ့ကို ကားတိုင်တင်သတ်တဲ့လူတွေကို
“ အိုအဘ၊ သူတို့၏အပြစ်ကို လွှတ်တော်မူပါ၊ သူတို့သည် ကိုယ်ပြုသောအမှုကို မသိကြဟု မြွက်ဆိုတော်မူ၏”
(ရှင်လုကာ ၂၃း၃၄) မှာ မှတ်တမ်းတင်ထားပါတယ်။ ဒီလို အသေခံတာကလဲ လူသားတွေဖြစ်တဲ့ သူဖန်ဆင်းခဲ့တဲ့
လူတွေကို ချစ်လွန်းလို့ ဘုရားအဖြစ်၊ လူ့အဖြစ်နဲ့အသက်ပေး လာကယ်တာပါ။ ငါလာကယ်တာတောင် ငါ့ကို ဒီလို လုပ်ရက်လေခြင်းလို့
ဘုရားတောင်မပြောမှတော့၊ ဘာဂုဏ်မှမရှိတဲ့ လူထဲကလူဖြစ်တဲ့ကျမက ဘာမှ အမွန်းတင်နေစရာ မလိုဘူးဆိုတာ
သိလာပါတယ်၊ အသိဆိုတာက သတ်သတ်၊ ဘုရား စကား ဖြစ်လို့ လိုက်လုပ်တာက သတ်သတ်ပါ၊ အလုပ်ကခက်တယ်လေ၊
ဒါပေမယ့် လူသား တိုင်း ကိုချစ်လို့ အသက်ပေးပြီးလာကယ်တဲ့ ဘုရားရဲ့မေတ္တာကြောင့် ကျမက
ဘုရားစကားတွေကို လိုက်နာချင်တယ်၊ မပယ်ရှားချင်ဘူး၊ လောကကို ယေရှုဆင်းကြွလာချိန်မှာ တပည့်တော်တွေက ဘယ်လို
ဆုတောင်း ရမလဲ လို့ မေးတဲ့အခါမှာ “ သူတပါးသည် ကျွန်ုပ်တို့ကို ပြစ်မှားသော အပြစ်များကို
အကျွန်ုပ်တို့ လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏အပြစ်များကိုလွှတ်တော်မူပါ။” ( ရှင်မဿဲ ၆း၁၂)
။ “သင်တို့သည် သူတပါးတို့၏ အပြစ်ကိုလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့၏
အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မူမည်၊” တဲ့
အပြစ်ကို လွှတ်ပိုင်ခွင့်ရှိသူက နည်းကိုပေးနေပါတယ်၊
စိတ်ဆိုတာမြန်လွန်းလို့ ဘယ်လောက် ထိန်းထားပေမယ့်လဲ လွှတ်တတ်ပါတယ်၊ ဒါကို နှုတ်က ကျွံလိုက်လို့ကတော့
ဘယ်လိုမှ နုတ်လို့ မရပါဘူး၊ လူတွေက အပြစ်သားတွေပါ၊ အပြစ်ကလုပ်ရတာ သိတ်လွယ်ပါတယ်၊ မလုပ်မိအောင်
ထိန်းရတာသာခက်တာပါ၊
ငွေတစ်သိန်း အကြွေးရှိသူက ကြွေးဆပ်ရန်မရှိရင်
ကိုယ်မှစ၍ သား၊မယား ဥစ္စာ ရှိသမျှကို ရောင်းပြီး
ကြွေးဆပ်စေလို့ စီရင်တယ်။ အကြွေးရှင်ကို တောင်းပန်တော့ ကြွေးရှင်က သနားပြီး ကြွေး ရှိသမျှကို
လွှတ်ပြီး ချမ်းသာပေးလိုက်တယ်၊ ဒီမှာသူ့ကို တရာသာ အကြွေးတင်တဲ့ လူအချင်းချင်း ကို တွေ့တော့
လည်ပင်းညှစ်ပြီး ငွေဆပ်ဖို့တောင်းတယ်၊ သူ့အလှည့်ကျတော့ သူ့ကိုပြပ်ဝပ် တောင်း ပန်တာတောင်
ထောင်ထဲလှောင်ထားတယ် တဲ့၊ ဒါကို မြင်တဲ့လူတွေက သူ့ အကြွေးကိုလွှတ်ခဲ့တဲ့ သခင်ကို သွားပြောတော့
၊ ငါ ကမင်းအကြွေးတွေ လွှတ်ပေးလိုက်တာတောင် မင်းက အချင်းချင်းကို မလွှတ်ပေးဘူးလား၊ သနားတတ်ဘူးလားလို့
စိတ်ဆိုးပြီး အာဏာသားတွေ လက်ထဲကိုအပ် လိုက် တယ်
တဲ့။
ကျမ်းစာထဲမှာ ဥပမာတွေနဲ့ ယေရှုဘုရားက သွန်သင်ပါတယ်။
ခွင့်လွှတ်ဖို့ ခက်လိုက်တာလို့ ငြီးတွား တတ်တဲ့လူတွေ ထဲမှာကျမပါတယ်၊ တကယ်တန်း စိတ်ထဲမှာ
ခွင့်လွှတ်ပြီဆိုတဲ့ အခါမှာတော့ ရင်ထဲမှာဖြစ်တဲ့ ပီတိကလဲ ဘာနဲ့မှနှိုင်းလို့ မရပါဘူး၊
စိတ်ထဲလဲရှင်းပြီး ပေါ့ပါးပါတယ်။ ဒါကြောင့်လဲ စိတ်နှလုံးကို အမြဲတန်းကြည့်တယ် ဆိုတဲ့ဘုရားက
“ စိတ်နှလုံးပါလျက် ညီအကို အချင်းချင်းတို့ကို အပြစ်လွှတ်လော့” လို့ (ရှင်မဿဲ ၁၈း၃၅)
မှာ သွန်သင်ထားတယ်။
ဆယ်ကျော်သက်တုန်းက အဖြစ်ကို အချိန်ကြာလာတော့ ကျမအတွက်
ရယ်စရာဖြစ်လာသလို ခုချိန်မှာ ဘုရားသခင်ရဲ့ ခွင့်လွှတ်ခြင်းကို နားလည်တဲ့ လူတိုင်းကို
(ကျမအပါအဝင်) အချိန်မနှောင်းခင် ရယ်နိုင် ကြသူတွေပဲ ဖြစ်စေချင်ပါတယ်။ ကျမတို့အားလုံးက
ဘုရားသခင် ဖန်ဆင်းထားတဲ့ လူသား တွေ ဘုရားသခင်ရဲ့
သားသမီးတွေ ဖြစ်ကြလို့ပါပဲ။