วันเสาร์ที่ 26 มกราคม พ.ศ. 2556

အမေ



                             အမေ
      ကျမအမေမှာ မြေး ယောက်ရှိပါတယ်။ မြေးမလေး ၄ယောက်နဲ့ မြေးထီးလေး တစ်ယောက်ပါ။ ကျမ အမကြီးရဲ့ကလေး၃ ယောက်နဲ့ အငယ်ဆုံး ညီမလေးက မွေးထားတာ ၂ယောက်ပါ၊ အကုန်လုံးကအမေ လက်ပေါ် ကြီးခဲ့တာ ပထမဆုံးမြေး အကြီးဆုံးက ၂၁ နှစ် ရှိခဲ့ပါပြီ။
     ကျမ နဲ့မောင်လေး ကအဝေးမှာ နေပေမယ့် ဆက်သွယ်လို့ လွယ်ကူတဲ့ နေရာမှာ နေကြပါတယ်၊ ဖုန်း အဆက်အသွယ် အမြဲရှိသလို လူကြုံဆိုတာလဲ အနည်းဆုံး တစ်ခါ၊ နှစ်ခါ ရှိတတ်ပါတယ်။
    ဒါပေမ့်ဒီတစ်ခေါက် အိမ်ပြန်တော့ အမေ့ နှုတ်က အထီးကျန်တယ် ဆိုတဲ့စကား ထွက်လာပါတယ်။ ဘာကြောင့် အဲ့လို ပြောတာပါလိမ့်လို့ ကျမ စဉ်းစားကြည့်ပါတယ်။
 မောင်နှမတွေ ဆုံချိန်ဖြစ်လို့ သမီးတွေက တစ်ယောက်တစ်ပေါက်နဲ့ ဘာအထီးကျန်စရာလိုလဲ၊ သားသမီးတွေ မြေးတွေနဲ့ နီးနီးနေရ တာပဲ၊ မြေး အငယ်နှစ်ယောက်နဲ့လဲ အတူနေရပြီး ကျန်တဲ့ မြေးတွေလဲ အဝေးမှာ ကျောင်းသွားတက်ချိန်က လွဲရင် အိမ် အမြဲ လာဆူနေလို့နားတောင် ငြီးယူရတယ် မဟုတ်ဘူးလားလို့ ပြန်ပြောကြတယ်။ သမီး ၃ယောက်နဲ့ အမေ ယှဉ်မပြောနိုင်ပါဘူး၊ အဲ့ခါ ကျရင် အမေ နှုတ်ဆိတ်နေလိမ့်မယ်၊ ဒါမှမဟုတ် ထရှောင် သွားပါလိမ့်မယ်။
      ဒီခါမှာ အမေနဲ့ အမြဲရှိတဲ့ အမကြီးနဲ့ ညီမလေးက ရှိသမျှ အလုပ်တွေကို အမေ ဒိုင်ခံလုပ်လို့ တားယူရတဲ့ အကြောင်း ကျမကို ဖောက်သည်ချပါတယ်။ အမေက ညီမလေးနဲ့နေလို့ ကလေးနှစ်ယောက်ရဲ့တာဝန်က သူ့မိဘတွေ ရုံးသွားချိန်မှာ အဘွားပေါ်တည်ပါတယ်၊ အိမ်မှာကူပေးတဲ့ ကောင်မလေး ထားပေးပေမယ့်လဲ ထမင်း၊ဟင်း ချက်ရာမှာရော၊ ကလေးကြည့် တဲ့ နေရာမှာရော၊ အဝတ်လျှော်တဲ့ နေရာမှာပါ အမေ့လက်နဲ့ မလွတ်အောင် ဝင်လုပ်ပါတယ်။
    သူ့မြေးအကြီးကို သူ့ဖအေကိုယ်တိုင် ရေချိုးပေးမယ် ဆိုတာတောင် ရေအေးနဲ့ ချိုးပေးနေမှာ စိုးလို့ဝင်ပြီးရေနွေးနဲ့ ချိုး ပေးပါတယ်၊ ဆူလို့၊ ညံလို့ သူ့အဖေ ကပ်တဲ့ အကြီးမလေးက အော်ငိုပါတယ်၊ အမေ နောက်အဲ့လိုမလုပ်ပါနဲ့၊ နောက်ဆို သူတို့တာဝန်သူတို့မယူပဲနေလိမ့်မယ်လို့ တိုးတိုး တစ်မျိုးတားရပါ။
   ရုံးက သမီးတွေ၊ သမက်တွေ နေ့ခင်းပြန်လာရင် မမှီမှာစိုးလို့မီးဖိုထဲဝင်ပါတယ်၊ မမှီရင် ဝယ်စားမယ်ဆိုလဲ ဆိုင်ဟင်း မကြိုက်တဲ့ အမေ၊ သမက်ချက်ရင်လဲ ဆီများသလေး နဲ့ ကိုယ်တိုင်လုပ်ရမှ ကျေနပ်ပါတယ်။ မြေးငယ်လေးလဲ ကိုယ်တိုင် သိပ်ချင်ပါတယ်၊ ချလိုက်ရင် ခဏပဲအိပ်တယ် ဆိုပြီး လက်အံသေနေအောင် ချီထားတတ်ပါတယ်။
      အဝေးကလာတဲ့ ကျမကိုလဲ ဧည့်သည်လို လုပ်ပေးလို့ တားယူရပါတယ်၊ အိမ်မှာရှိတဲ့ ကော်ဖီကျမ သောက်နေကျ မဟုတ်လို့ ကျမ တို့မသိခင် ကျမကြိုက်တတ်တဲ့ ကော်ဖီ သွားပြေး ဝယ်ပေးပါတယ်၊ မနက်ထတာနဲ့ဘာစားမလဲ၊ ဘာစားချင်လဲ၊ ထမင်းစားတာ နည်းတယ်နဲ့၊တတွတ်တွတ်ပါ၊ ဈေးသွားရင်လဲ ကျမ ကြိုက်တာတွေ အကုန်ဝယ်ချ လာ တတ်ပါတယ်၊ ဘာလို့ အဲလောက် အများကြီး ဝယ်လာရတာလဲလို့ပြောရင်၊ သမီး ကြိုက်တတ်တာတွေပဲ စားစေချင် လို့ ဝယ်လာတာ၊ လာမှ စားရတာတွေ စား၊စား ဆိုပြီး အတင်းကျွေးပါတယ်၊ အမေကိုယ်တိုင် အပြင်မသွားဖြစ်ရင် အပြင်သွား တဲ့ သမီးတွေ၊ သမက်တွေကို ကျမ ကြိုက်တတ်တာတွေ မှာပေးပြန်ပါတယ်၊
    ငါ့သမီး လက်ရာ မစားရတာကြာပြီ ၊ထမင်းစားကောင်းလိုက်တာ ဆိုပြီး စားသလို အမေ ကိုယ်တိုင်ချက်ရင်လဲ အမေ့ လက်ရာ မစားရတာကြာပြီ မဟုတ်လား၊ စားဆိုပြီး ကျွေးပါတယ်၊  (အမေ့လက်ရာ အကောင်းဆုံးလို့ ထင်တဲ့အရွယ် ကျော်ခဲ့ပြီ ဖြစ်တဲ့ ကျမက အမေ့ကို အရိုးများသလေး၊ ချေးခါးသလေး လုပ်ပါတယ်) ကျမ မကောင်းတာပါ၊ ငယ်ငယ်တုန်း ကတော့ အမေချက်တာ ကောင်းလိုက်တာ ပြောပြီး ခေါင်းမဖော်တမ်း စားခဲ့တယ်လေလို့ အမေက ပြန်ပြောပါတယ်။ သူကိုယ်တိုင် မလုပ်နိုင်လို့ ပိုက်ဆံပေးပြီး ကြက်သားဗလာချောင်ကြော် သူများကို သွားလုပ်ခိုင်းပြီး ကျမ ပြန်တော့ ထည့်ပေးပါတယ်။
   အဲ့လို နေရာတကာမှာ သား၊ သမီးတွေကို ဝင်စိတ်ပူပေး အလုပ်တွေ ဒိုင်ခံလုပ်ပေးလို့ သမီးနဲ့ အမေကြား အချင်းများရတာလဲ ခဏ ခဏပါ၊ သားတွေ၊ သမီးတွေကို ငယ်ငယ်လေးလိုပဲ အစစ၊ အရာရာ လိုက်ပြော၊ လိုက်စိတ်ပူ ပေးနေပါတယ်၊ မငယ် တော့တဲ့ သား၊ သမီးတွေက သမီးသိပါတယ်၊ ကိုယ့်ကိုယ်ကိုသာ စိတ်ပူပါလို့ ပြောယူရပါတယ်၊(သူ့သမီးတွေ၊ မြေးတွေအေးလို့ ခြေအိတ် မစွပ်ထားရင် ပြောနေပေမယ့် အမေ့ကိုယ်၌ က ခြေဗလာနဲ့အေးနေတာမျိုးပေါ့)
 အမေ့ အသက်က ၆၀ ကျော်ပါပြီ၊ သမီးတွေက အမေကိုပူတယ်၊ ကျန်းမာစေချင်တယ်၊ ချော်လဲပြုမှာ ကြောက်တယ်၊ အလုပ်လျှော့လုပ်ပါလို့ ပြောရင်နားငြီးတယ်၊ တစ်ခါပြောရင်သိပြီ၊ ထပ်မပြောနဲ့လို့ပြောပေမယ့် လုပ်တာတွေ မရပ်တော့ သမီးတွေက ကရုဏာ ဒေါသော ဖြစ်လာတယ်၊ စိတ်ဆိုးတော့ အသံကျယ်လာတယ်၊ အဲ့တော့ သူ့ကို ပြန်အော်တယ် ဆိုပြီး အမေက စိတ်ဆိုးနဲ့ ချာချာလည်နေပါတယ်။
           ဒါနဲ့တောင် အိမ်ထောင် မကျသေးတဲ့ ကျမကို အိမ်ထောင်မြန်မြန်ပြုပါ၊ ခဏနေ အမေက အကြီးမ နဲ့ အငယ်မ ကလေးတော့ ထိန်းပေးတယ်၊ အလတ်မ ကလေးတော့ မထိန်းပေးဘူး ဖြစ်နေမယ်၊ မျက်နှာလိုက်မှာ စိုးတယ် ဆိုပြီး မမြင်ရသေးတာတွေ မှန်းပြီး ထိန်းပေးချင်နေသေးတယ်၊ ကျမကလဲ ကိုယ်မွေးမှတော့ ကိုယ်နိုင်အောင်ထိန်းမှာ၊ အမေ့ကို မထိန်းခိုင်းပါဘူးလို့ ပြန်ပြောပါတယ်။
  အမေ့ရဲ့ အထီးကျန်တယ် ဆိုတဲ့ စကားကို ကျမစဉ်းစားနေတာ အမေ့ရဲ့ လုပ်ရပ်တွေကြည့်ပြီး ခုတော့ ကျမ ကောင်းကောင်း သဘောပေါက်လိုက်ပါတယ်။
   ငါ့လက်၊ ငါ့ခြေနဲ့ မြေးတွေကြီးတဲ့အထိ လုပ်ပေးခဲ့တယ် ဆိုတဲ့ မိခင်စိတ်နဲ့လုပ်ပေးသလို၊ မိသားစုအရေးလောက် အမေက နံပါတ်တစ် နေရာမှာမရှိတော့လို့ ဆက်တိုက်အလုပ်တွေ မလစ်ဟင်းရအောင် လုပ်ပေးပြီး သူ့ အထီးကျန် နေတာကို အရေးပါတာဖြစ်အောင် ပြောင်းလုပ်နေတာပါလားလို့။

จำนวนการดูหน้าเว็บรวม

 
Copyright (c) 2010 ပိတောက်. Design by WPThemes Expert

Themes By Buy My Themes And Web Hosting Reviews.